
မြန်မာနိုင်ငံအခြေစိုက် ဆေးဝါးကုမ္ပဏီတခုက မြောက်ပိုင်းမာရီယာနာကျွန်းစု (NMI)မှာ စက်ရုံ တည်ထောင် ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေတဲ့အကြောင်း Marianas Variety သတင်းမှာ မတ် ၄ ရက်က ဖော်ပြပါတယ်။
ဓနသဟာယ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအာဏာပိုင်အဖွဲ့ (CEDA) ဘုတ်အဖွဲ့ဝင် မိုက်ခ် ဆပ်ဗ်လန် က ဒါဟာ နယ်မြေအတွက် လုပ်ငန်းကဏ္ဍသစ်တခုရဲ့ အခြေခံ အုတ်မြစ်ကို ချမှတ်ပေးနိုင်ဖွယ် ရှိတယ် လို့ ပြောလိုက်ပါတယ်။
အဆိုပါရင်းနှီးမြှုပ်နှံသူဟာ စိုင်ပန်ကျွန်းကို လေ့လာရေးခရီးစဉ် ၃ ကြိမ်တိုင်တိုင် လာရောက်ခဲ့ပြီး ဖြစ်ကာ CNMI ရဲ့ အရည်အချင်းစစ်လက်မှတ် အစီအစဉ်အောက်မှာ လျှောက်လွှာကို တရားဝင် တင်သွင်းထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတကာမှာ Pacific Pharmaceuticals အမည်နဲ့ လူသိများတဲ့ အဆိုပါကုမ္ပဏီဟာ လက်ရှိ မြန်မာနိုင်ငံမှာ စက်ရုံတခုနဲ့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ စက်ရုံတရုံ ဖွင့်လှစ် ထားတယ်လို့ သိရပါတယ်။
ဆပ်ဗ်လန်က “သူတို့ဟာ ပြီးခဲ့တဲ့နှစ်၊ ဒါမှမဟုတ် အဲ့ဒီမတိုင်ခင်နှစ်က ဂူအမ်ကျွန်းကို သွားရောက် လည်ပတ်စဉ်မှာ CNMI အကြောင်း ကြားသိခဲ့တာပါ။ ဂူအမ်မှာ ရှိနေတုန်း CNMI ရဲ့ စီးပွားရေး ဆိုင်ရာ အားသာချက်တွေကို သိရှိခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဧပြီလလောက်မှာ ဒီကို လာရောက်ခဲ့ ကြတာပါ” လို့ ပြောပါတယ်။
သူ့ရဲ့အဆိုအရ ကုမ္ပဏီရဲ့ ပထမဆုံး စိုင်ပန်ခရီးစဉ်မှာ အချက်အလက်ရှာဖွေရေး ခရီးစဉ်ဖြစ်ပြီး CEDA အနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို လုပ်ငန်းလိုင်စင်ထုတ်ပေးတဲ့ အေဂျင်စီတွေ၊ သင်္ဘောလိုင်း တွေနဲ့ တခြားသော စည်းမျဉ်းထိန်းသိမ်းရေးရုံးတွေနဲ့ မိတ်ဆက်ပေးခဲ့သလို ဒုတိယအကြိမ် လာရောက် လည်ပတ်ပြီးနောက် ကုမ္ပဏီဘက်က CNMI မှာ လုပ်ငန်းစတင်ဖို့ “အလေးအနက် စိတ်ဝင်စားမှု” ကို ပြသခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ အဆိုပါကုမ္ပဏီဟာ ဂိုဒေါင်နေရာ ရှာဖွေေနေသလို ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ သန်းပေါင်း များစွာ ရှိနိုင်ပေမဲ့ အတိအကျကို သူက ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
ကုမ္ပဏီအနေနဲ့ အစပိုင်းမှာ ဆရာဝန်ညွှန်ကြားချက် မလိုတဲ့ ဆေးဝါးတွေကို ထုတ်လုပ်ဖို့ စီစဉ်ထားပြီး နောင်မှာတော့ အညွှန်းပါဆေးဝါးတွေ ထုတ်လုပ်ဖို့အထိ တိုးချဲ့သွားမဲ့ အလားအလာရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဆပ်ဗ်လန်က “တကယ်လို့ ဒီပထမဆုံး ဆေးဝါးစက်ရုံသာ အောင်မြင်သွားမယ်ဆိုရင် ဒါဟာ CNMI အတွက် တကယ့်အကျိုးကျေးဇူး ဖြစ်လာမှာပါ။ ဒါဟာ လုပ်ငန်း ကဏ္ဍသစ် တခုလုံးကို ပေါ်ထွက် လာစေမှာဖြစ်သလို တခြားဆေးဝါးလုပ်ငန်းတွေကိုလည်း ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ပထမဆုံး ရင်းနှီးမြှုပ်နှံသူကို ကျနော်တို့ တတ်နိုင်သမျှ အခွင့်အရေးတွေ ပေးအပ်သွားမှာဖြစ်ပြီး ဒါမှလည်း အခြားသူတွေ လာရောက်ဖို့ တွန်းအားဖြစ်မှာပါ” လို့ ပြောပါတယ်။
မြောက်ပိုင်းမာရီယာနာကျွန်းစု (NMI) ဆိုတာ အနောက်ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ ကျွန်းစု တခု ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ နယ်မြေတခု ဖြစ်ပါတယ်။
ဒီကျွန်းစုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အရှေ့ဘက်၊ ဂျပန်နိုင်ငံရဲ့ တောင်ဘက်မှာ တည်ရှိပြီး ကျွန်းပေါင်း ၁၄ ကျွန်းနဲ့ ဖွဲ့စည်းထားကာ အဓိက လူနေထိုင်ရာ ကျွန်းတွေကတော့ စိုင်ပန်၊ တီနီယန်နဲ့ ရိုတာတို့ ဖြစ်ပါတယ်။
Source: Marianas Variety


