
ပအိုးဝ်ပြည်သူ့စစ် (PNO) အားကောင်းတဲ့နေရာဖြစ်တဲ့ အင်းလေးဒေသမှာ တော်လှန်ရေး အင်အား စုတွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး ဖွဲ့လိုက်တဲ့ အင်းလေးဒေသ လွတ်မြောက်ရေးအဖွဲ့က ဒေသန္တရအုပ်ချုပ်ရေးနဲ့အတူ စည်းရုံးရေးကိုပါ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
နွေဦးတော်လှန်ရေးရဲ့အရှိန်ကို အဆုံးဖြတ်ပေးမဲ့အချိန် ရောက်နေပြီဖြစ်တဲ့အတွက် အင်းလေးဒေသ ထဲမှာ လှုပ်ရှားနေကြတဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)၊ အင်းလေးအမျိုးသမီးသမဂ္ဂ (IWU)၊ အင်းလေး ဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု (IFDM)၊ ညောင်ရွှေမြို့နယ် ပညာရေးဘုတ်အဖွဲ့ (Boe Nyaung Shwe)၊ အင်းလေးဆေးအဖွဲ့ (Inle Medical Team) အပါအဝင် အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ (Inle People’s Movement) တွေ ပူးပေါင်းပြီး အင်းလေးဒေသ လွတ်မြောက်ရေးအဖွဲ့အဖြစ် ဖေဖော်ဝါရီ ၂၂ ရက်မှာ အဆင့်မြှင့်တင် ဖွဲ့စည်း လိုက်တာ ဖြစ်ပါတယ်။
ဒေသန္တရအုပ်ချုပ်ရေးတွေ၊ စည်းရုံးရေးတွေနဲ့အတူ အင်းလေကန်ရဲ့ သဘာဝသယံဇာတ ထုတ်ယူ သုံးစွဲနေတာတွေထက် အသိပညာ၊ အတတ်ပညာနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အဓိက ပြုတဲ့ ခေတ်မီဒေသတခုအဖြစ် ဖော်ဆောင်ဖို့ရှိနေပြီး ပျက်စီးယိုယွင်းနေတဲ့ အင်းလေးကန်ကြီးကို ပြန်လည်ကုစားဖို့ ဆောင်ရွက်သွားမှာလို့လည်း အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့ရဲ့ ထုတ်ပြန်စာ ထဲမှာ ဖော်ပြထားပါတယ်။
အင်းလေးဒေသအတွင်းမှာ နေထိုင်နေကြတဲ့ အင်းသား၊ တောင်ရိုး၊ ရှမ်း၊ ပအိုဝ်း စတဲ့ တိုင်းရင်းသား အားလုံး တန်းတူပါဝင်ပြီး ကိုယ့်ဒေသ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးစီမံနိုင်တဲ့ ဒေသန္တရ အုပ်ချုပ်ရေး (Local Self-Governance) ကို အကောင်အထည်ဖော်နေတဲ့ အချိန်အတွင်း စိုးမိုး နယ်မြေအများစု လက်လွှတ်ထားရသေးတဲ့ အခြေအနေမို့ တော်လှန်ရေးအတွက် ရောက်ရာနေရာ ကနေ စည်းရုံးရေးအတွက်ပါ လုပ်ဆောင်သွားမဲ့အကြောင်း အင်းလေးဒေသ လွတ်မြောက်ရေးအဖွဲ့ က ဆိုပါတယ်။
အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းသားပြည်က “အင်းထဲမှာက ကျနော်တို့ဒေသမှာက PNO အားကောင်းတဲ့ဒေသလေ၊ နောက်တခုက နေပြည်တော်နဲ့ နီးစပ်တဲ့ နေရာလည်း ဖြစ်တယ်။ အဲ့တော့ ကျနော်တို့ဘက်က စစ်ရေးအရ ထိုးဖောက်စိမ့်ဝင်ဖို့က နည်းနည်း တော့ အလှမ်းဝေးနေသေးတယ်ပေါ့နော်။ ဒါပေမဲ့လည်း ကျနော်တို့ဘက်က အကောင်းဆုံး ဘယ်လို ဖြစ်အောင် လုပ်မလဲဆိုတဲ့ ရည်ရွယ်ချက်တွေ ပြီးတော့ စီမံချက်တွေတော့ ကျနော်တို့ လုပ်ထားတာ ရှိပါတယ်။ ကျနော်တို့ဘက်က လောလောဆယ်ကတော့ သူတို့ကို ကာကွယ်ပေးဖို့ ဆိုတာထက် သူတို့ တော်လှန်နိုင်ဖို့ ဆိုတဲ့အပိုင်းကို ဦးစားပေးပြီး လုပ်နေတယ်။ အခုလက်ရှိ အနေအထားအရ ကျနော်တို့နယ်မြေနဲ့ ကင်းကွာနေတဲ့အချိန်မှာ ဒေသထဲက တော်လှန်နေတဲ့သူ အားလုံး ရောက်တဲ့ နေရာ ရှိတဲ့နေရာကနေ ရသလို တော်လှန်ဖို့ ကျနော်တို့ စည်းရုံးတယ်။ ပြီးတော့ နောက်တခုက ကမ်ပိန်းတွေလုပ်တယ်။ အခု ဒီထဲမှာပါတဲ့အဖွဲ့ ၅ ဖွဲ့လုံးရဲ့ ကဏ္ဍပေါင်းစုံပေါ့၊ အဲလိုမျိုးတွေ အကောင်အထည်ဖော်နိုင်အောင် လုပ်နေတယ်ဗျ” လို့ ပြောပါတယ်။
PNO ပြည်သူ့စစ် အားကောင်းတဲ့ အင်းလေးကန်ထဲမှာ အခုလို မဟာမိတ်အင်အားစုတွေ ပူးပေါင်းပြီး နိုင်ငံရေးအဖွဲ့တဖွဲ့အဖြစ် ပေါ်လာတာကို ကြိုဆိုထောက်ခံတယ်လို့ ရှမ်းတောင် အမျိုးသားများကာကွယ်ရေးတပ် (SSNLO/SSNDF) အဖွဲ့ရဲ့ နိုင်ငံရေးမှူးဖြစ်သူ ကိုပန်ဖက ဆိုထားပြီး အင်းလေးလူထုနဲ့ အင်းလေးဒေသကို အမှန်တကယ် အကျိုးပြု လှုပ်ရှားပေးနေတဲ့ နောက်ထပ်အဖွဲ့တွေပါ ပါလာဖို့ မျှော်လင့်ကြောင်း သူ့ရဲ့ ပုဂ္ဂလိကအမြင်ကို ပြောပြထားပါတယ်။
“အင်းလေးဒေသမှာ အရင့်အရင် ရှိပြီးသား နိုင်ငံရေးအဖွဲ့တွေ အနေနဲ့က ယခု တော်လှန်ရေးမှာ ဘာမှ အကျိုးမပြုဘူး၊ ပါဝင်လှုပ်ရှားတာမျိုးလည်း မတွေ့ရဘူး။ တဖွဲ့ဆိုရင် စစ်တပ်နောက်မြီးဆွဲ အဖွဲ့၊ အဲလိုအဖွဲ့မျိုးတွေပဲ ရှိခဲ့တာဆိုတော့လေ၊ နောက်တခုက ကျနော်တို့အနေနဲ့ ရှမ်းတောင်အတွက် လှုပ်ရှားပေးနေတဲ့ အဖွဲ့တွေကို စုစည်းနိုင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ အခုလို အင်းလေးဒေသ အခြေပြု အဖွဲ့တွေ စုစည်းလိုက်နိုင်တာ တကယ်ကောင်းပါတယ်။ ထိတွေ့ဆက်ဆံပြီး အတူတကွ လုပ်ကိုင်ဖို့ရာ တဖွဲ့ချင်းစီရဲ့ သဘောထားမှတ်ချက်တွေ လိုက်ညှိနေစရာ မလိုတော့ဘဲ တဖွဲ့တည်းနဲ့ ချိတ်ဆက်လုပ်ကိုင်လို့ ရမယ်လို့ မျှော်လင့်လို့ပါဗျ။”
မိမိတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လွတ်မြောက်ဖို့အတွက် အင်းလေးဒေသ လွတ်မြောက်ရေးအဖွဲ့နဲ့ အတူ ရှမ်းပြည်နယ်အတွင်း နေထိုင်နေတဲ့ အင်းလေးဒေသသားများ၊ ပြည်ပရောက် အင်းလေး ဒေသဖွားများအပြင် ပြည်သူလူထုတရပ်လုံး လက်တွဲပါဝင်ကြဖို့ IRLO က တိုက်တွန်း နှိုးဆော် ထားပါတယ်။
လက်ရှိ အင်းလေးကန်ထဲက ကျေးရွာအများစုကို PNO ပြည်သူ့စစ်က ထိန်းချုပ်ထားနိုင်ပြီး တဖက်မှာလည်း ကရင်နီပြည်နယ်ဝင်ပေါက်ဖြစ်တဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်တွေနဲ့ PNO ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းတွေ ထိုးစစ်ဆင်နေလို့ ကရင်နေတော်လှန်ရေး တပ်ပေါင်းစုတွေ နဲ့လည်း တိုက်ပွဲတွေဖြစ်နေပါတယ်။
မောရစ်


