
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်၊ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့နဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးတို့အတွက် ရည်ရွယ်ကျင်းပတဲ့ "မြန်မာ့အရေးကြားနာပွဲနှင့် မြန်မာစစ်အာဏာသိမ်းမှု ၅ နှစ်ပြည့် အထိမ်းအမှတ်" လူထုဆွေးနွေးပွဲကို မတ် ၂ ရက်ညနေက ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ချီအိုဒရှိလွှတ်တော်အဆောက်အအုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို မြန်မာနိုင်ငံဒီမိုကရေစီထွန်းကားရေး ဂျပန်လွှတ်တော်ပါတီစုံ အမတ်များသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ အီရှီဘာရှီ မီချီဟီရို (Ishibashi Michihiro) က ဦးဆောင်ခဲ့ပြီး၊ ဥက္ကဋ္ဌ မစ္စတာ ကွန်ဒို ရှောအီချီ (Kondo Shoichi) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်း တို့က အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ကြပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က အွန်လိုင်းမှတဆင့် တက်ရောက်ကာ "စစ်အာဏာသိမ်းမှု ၅ နှစ်- နွေဦးတော်လှန်ရေး လက်ရှိအခြေအနေနဲ့ ရှေ့လုပ်ငန်းစဉ်များ" ခေါင်းစဉ်နဲ့ အဓိကအစီရင်ခံစာကို တင်ပြဆွေးနွေးခဲ့ပါတယ်။
ထို့နောက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုမင်းကိုနိုင်ရဲ့ ဗီဒီယိုသဝဏ်လွှာ၊ ထိုင်း-မြန်မာနယ်စပ် (မဲဆောက်) ရှိ စစ်ဘေးရှောင် ၂ ဦးရဲ့ မြေပြင်အစီရင်ခံစာ၊ ကချင်ပြည်နယ်ရဲ့ နေထိုင်တဲ့ ဒေါ်ကွန်ဂျာရဲ့ အစီရင်ခံစာ၊ မတ်လအတွင်းက စစ်ကိုင်းတိုင်းမှာ ငလျင်ဒဏ်ခံရသူတွေရဲ့ အစီရင်ခံစာ၊ ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေ စတဲ့ မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို တင်ပြခဲ့ကြပါတယ်။
ဒါ့အပြင့် ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ ဂျပန်အန်ဂျီအိုတွေက ဂျပန်အစိုးရထံ တောင်ဆိုချက်တွေကို တင်ပြခဲ့ကြပါတယ်။
ဆွေးနွေးပွဲအပြီးမှာ တက်ရောက်လာသူတွေက အမျိုးသားညီညွတ်ရေးအစိုးကို ဂျပန်အစိုးရ အသိအမှတ်ပြုပေးဖို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူတွေကို ချက်ချင်ပြန်လွှတ်ပေးဖို့၊ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်မပြုဖို့အပါအဝင် အချက် ၇ ချက်ပါ တောင်းဆိုချက်ကို ဂျပန်အစိုးရဆီ ပို့ပေးဖို့ ဂျပန်လွှတ်အမတ်တွေဆီ ပေးအပ်ခဲ့ကြပါတယ်။
အခမ်းအနားကို မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြေသတဲ့အနေနဲ့ ဂျပန်ရဲ့ နာမည်ကြီး ဂီတပညာရှင် Kiroro ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်သော "အနာဂတ် (Mirai)" ကို တက်ရောက်လာသူတွေေားလုံးက သံပြိုင်သီဆိုကာ ရုပ်သိမ်းခဲ့ကြပါတယ်။
ဇော်ဇော်လှိုင်


