
ထိုင်း-မြန်မာနယ်စပ်က မြန်မာပြည်သူတွေကို ကျန်းမာရေးကူညီစောင့်ရှောက်ပေးနေတဲ့ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်ဟာ ဩစတြေးလျနိုင်ငံမှာ ရောက်ရှိနေပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့က မဲလ်ဘုန်းမြို့မှာ မြန်မာအသိုက်အဝန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ ဒေါက်တာစင်သီယာမောင်က "ဩစတြေးလျရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေနဲ့ မယ်တော်ဆေးခန်းမိသားစုတွေကြား အဆက်အသွယ်မပြတ် ရှိနေစေဖို့၊ အကူအညီတွေ ပေးနိုင်ဖို့အတွက် အခုခရီးစဉ်ကို လာရောက်ခဲ့တာ" လို့ ပြောပါတယ်။
တွေ့ဆုံပွဲနဲ့အတူ မဲဆောက်မြို့ မယ်တော်ဆေးခန်းအတွက် ရန်ပုံငွေ ဈေးရောင်းပွဲ၊ ဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့တာပါ။
မယ်တော်ဆေးခန်းအတွက် ရန်ပုံငွေ ရိုးရာအစားအစာနဲ့ အဝတ်အထည်တွေ ရောင်းချပွဲကို Australian Karen Organisation Victoria (AKO) က ဦးဆောင် ပြုလုပ်ခဲ့ပြီး ဒေသခံ ကရင်တိုင်းရင်းသားတွေက တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။
မယ်တော်ဆေးခန်းရဲ့ လှုပ်ရှားမှုဆိုင်ရာ မှတ်တမ်းဗွီဒီယိုကိုလည်း ပြသခဲ့ပြီး မဲလ်ဘုန်းမြို့ခံ ကရင်တိုင်းရင်းသားတွေနဲ့ တက်ရောက်လာတဲ့ ဩစတြေးလျနိုင်ငံသားတွေကလည်း ကူညီပံ့ပိုးနိုင်ရေး နည်လမ်းတွေကို မေးမြန်းခဲ့ကြပါတယ်။
ဒေါက်တာစင်သီယာမောင်ဟာ ကင်ဘာရာမြို့နဲ့ ဆစ်ဒနီမြို့တွေကိုလည်း သွားရောက်မယ်လို့ သိရပါတယ်။


