
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ သိမ်ကျောင်း ဒါယိကာမကို မုဒိမ်းကျင့်ဖို့ ကြိုးစားတာ မရလို့ ဓားနဲ့ခုတ်သတ်ခဲ့တဲ့ ဘုန်းကြီးကို လှည်းကူးခရိုင်တရားရုံးက သေဒဏ်ပေးပြီးမှ အယူခံဝင်ခွင့် ပြုလိုက်လို့ ဝေဖန်မှုတွေ မြင့်တက်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လှည်းကူးခရိုင်တရားရုံးမှာ ဖေဖော်ဝါရီ ၂၄ ရက်က အောင်ဘုန်းပြည့် ကျောင်းထိုင်ဆရာတော် ဦးသမ္မာစာရ (ခ) သန်းဦးကို ပုဒ်မ ၃၀၂ (၁)(ဂ) အရ သေဒဏ်အမိန့်ချခဲ့ပေမဲ့ နောက်ဆက်တွဲအနေနဲ့ တပတ်အတွင်း အယူခံ ဝင်ခွင့် ပြုလိုက်တဲ့အပေါ် ဒေသခံတွေက ဝေဖန်ကြတာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ဒီဘုန်းကြီးက အတော်လေးမိုက်ရိုင်းတာ၊ ကိုယ့်ရဲ့ ပစ္စည်းလေးပါး ဒါယိကာမကို မုဒိမ်းကျင့်မရလို့ သတ်တာတောင် တရားရုံးမှာ သူနဲ့ အဲဒီမိန်းမက ဖောက်ပြန်နေပါတယ်ဆိုပြီး ထွက်ဆိုတာ။ မနေ့က တရားရုံးက သေဒဏ် ချလိုက်တယ်။ ဒါပေမဲ့ မုဒိမ်းကျင့်တဲ့ ဘုန်းကြီးဘက်က ငွေနဲ့လိုက်တော့ တပတ်အတွင်း အယူခံဝင်ခွင့်ကို တရားသူကြီးက ခွင့်ပြုလိုက်တယ်။ တရားလိုရော မြို့ခံတွေရော အတော်လေး ဒေါသထွက်နေတယ်။”
သေဒဏ်ချလိုက်တဲ့အမှုက တရားခံကို အယူခံဝင်ခိုင်းတဲ့အပေါ် တရားလိုနဲ့ တရားလွှတ်တော် ရှေ့နေတွေက ဆက်လက်ဆောင်ရွက်နေပေမဲ့ မြို့ခံတွေက လှည်းကူးခရိုင်တရားရုံးရဲ့ လုပ်ဆောင်ချက်အပေါ် စောင့်ကြည့်နေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
၂၀၂၅ ခုနှစ်၊ မေ ၂ ရက်က လှည်းကူးမြို့နယ်၊ အောင်ဘုန်းပြည့် ဘုန်းကြီးကျောင်းမှာ ကျောင်းဒါယိကာမ ဒေါ်သီတာအောင်ကို ကျောင်းထိုင်ဘုန်းကြီး ဦးသမ္မာစာရက မုဒိမ်းကျင့်ဖို့ ကြိုးစားတာမှာ လက်မခံလို့ ဓားနဲ့ ၁၅ ချက် ခုတ်သတ်ခဲ့တာ ဖြစ်ပါတယ်။
မေ ၂၁ ရက်မှာ တရားခံ ဦးသမ္မာစာရ (ခ) သန်းဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းမိခဲ့ပြီး ပုဒ်မ ၃၀၂ (၁)(ဂ) နဲ့ လှည်းကူးခရိုင်တရားရုံးက ဇွန်လမှာ စတင်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။


