
အီးစီးကရက်၊ Vape နဲ့ ဆက်စပ်ပစ္စည်း ၃၂ မျိုး ကို စစ်ကောင်စီက ပိတ်ပင် တားမြစ်လိုက်ပြီး သုံးစွဲတာ၊ ရောင်းချတာ၊ တင်သွင်းဖြန့်ဖြူးရင် ဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အီးစီးကရက်၊ Vape၊ ရှီရှားနဲ့ ဆက်စပ်ပစ္စည်း ၃၂ မျိုးကို သောက်သုံးတာ၊ တင်သွင်းတာ၊ သိုလှောင်ဖြန့်ဖြူး ရောင်းချတာတွေလုပ်ရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုများ ဥပဒေအရ အရေးယူသွားမယ်ဆိုပြီး ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။
ရန်ကုန်တိုင်းအတွင်းရှိ မြိုနယ်တချို့မှာတော့ Vape နဲ့ ဆေးရည်အရောင်းဆိုင်တွေကို စစ်ကောင်စီ၊ ထွေအုပ်နဲ့ ကျန်းမာရေးဌာနက ရှောင်တခင် ဝင်စစ်ဆေးတာရှိပြီး မရောင်းချဖို့လည်း သတိပေး တားမြစ်ထားတယ်လို့ ရောင်းချသူတယောက်က ပြောပါတယ်။
"အမိန့်က ဘယ်နေ့ကထုတ်လဲတော့ မသိဘူး။ မနေ့ကတည်းက Vape အရောင်းဆိုင်တွေ၊ ထွေအုပ်နဲ့ ကျန်းမာရေးက ရှောင်တခင် ဝင်စစ်တာတွေရှိတယ်။ ဆိုင်နဲ့ ရောင်းတဲ့ သူတွေက ထိန်းချုပ်လို့ရပေမဲ့ အွန်လိုင်းမှာရောင်းတဲ့သူတွေကိုတော့ ထိန်းချုပ်ဖို့မလွယ်ဘူး။"
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အီးစီးကရက်နဲ့ ဆက်စပ်ပစ္စည်း ၆ မျိုး၊ Vape နဲ့ ဆက်စပ်ပစ္စည်း ၁၄ မျိုး၊ ရှီရှားနဲ့ဆက်စပ်ပစ္စည်း ၁၂ တို့ကို တားမြစ်ခဲ့တာဖြစ်ပြီး ဥပဒေအရ ထောင်ဒဏ်ရော ငွေဒဏ်ပါ ကျခံရမှာဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေတယောက်က DVB ကို ပြောပါတယ်။
"အီးစီးကရက်နဲ့ ပတ်သက်ပြီး မရှိမဖြစ်ထောက်ပံ့ရေးပစ္စည်းနှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၉ အရဆို သောက်သုံးသူဆိုရင် ထောင်ဒဏ် ၆ လ။ ရောင်းဝယ် ဖြန့်ဖြူးတဲ့သူဆို ထောင်ဒဏ် ၁ နှစ်ကနေ ၃ နှစ် နဲ့ ငွေဒဏ် ၅ သိန်းပေးဆောင်ရမယ်။ ဥပဒေက အခုမှထွက်လာဆိုတော့ အစိုးရအနေနဲ့ တကယ်လုပ် မလုပ် မသိသေးဘူး။"
အီးစီးကရက်ငွေ့ထဲမှာ ပါဝင်တဲ ဓာတုပစ္စည်းတွေဟာ ရေရှည်မှာ အဆုတ်ကို ထိခိုက်ပျက်စီးစေနိုင်ပြီး နောက်ဆက်တွဲကင်ဆာရောဂါတွေ ဖြစ်နိုင်လို့ ကန့်သတ်တားမြစ်လိုက်တာ ကောင်းမွန်ပြီး အောက်ခြေမှာ အမှန်တကယ်အရေးယူ ဆောင်ရွက်ဖို့လိုကြောင်း ကျန်းမာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
"အီးစီးကရက်တို့ Vape တို့က ထွက်လာတဲ့အငွေ့ကို ရှူမိရင် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ။ သက်ကြီးရွယ်အိုတွေ။ ဆေးလိပ်အငွေ့ရှူရသလိုပဲ ဆိုးကျိုးဖြစ်စေတယ်။ သောက်သုံးသူတွေ အတွက်လည်း ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေသလို၊ အာရုံစူးစိုက်မှုကျဆင်းတာ သင်ယူနိုင်မှုစွမ်းရည်တွေ နည်းပါးလာပြီး အဆုတ်ကိုထိခိုက်နိုင်တယ်။ ကြာလာရင် ကင်ဆာဖြစ်နိုင်မှု အားများတယ်။ ကျန်းမာရေးက တားမြစ်ကန့်သတ်တာကို ကြိုဆိုတယ်။ ဒါပေမဲ့ မြေပြင်မှာ အလုပ်မလုပ်ရင် ထုတ်ပြန်ချက်တွေက အလကားပဲ။”
လက်ရှိအခြေအနေထိတော့ မြန်မာနိုင်ငံမှာ Vape နဲ့ဆက်စပ်ပစ္စည်းတွေ အပါအဝင် ရှီရှားတွေကို တင်သွင်းတာ သိုလှောင်ဖြန့်ဖြူးရောင်းချနေတာတွေ ရှိနေဆဲဖြစ်ပါတယ်။


