Home
နိုင်ငံတကာ
လန်ဒန်မြောက်ပိုင်း ကလေးထိန်းဌာနဝန်ထမ်း ထောင် ၁၈ နှစ် ချမှတ်ခံရ
DVB
·
February 14, 2026
Photo :Reuters

ယူကေနိုင်ငံ လန်ဒန်မြောက်ပိုင်းက ကလေးထိန်းဌာနတခုမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတယောက် က သူ့စောင့်ရှောက်မှုအောက်ရှိ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားပြီး အဲဒီလုပ်ရပ်တွေကို ဗီဒီယိုရိုက်ကူးခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၁၂ ရက်မှာ ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခံရပါတယ်။

တရားသူကြီးကတော့ သူ့လုပ်ရပ်ဟာ “တော်တော်ကို ရက်စက်ကြမ်းကြုတ်ပြီး ယုတ်မာ ကောက်ကျစ်လွန်းတယ်” လို့ ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ် ဗင်းဆင့်ချန်းဟာ လန်ဒန်မြောက်ပိုင်းရှိ ကလေးထိန်းဌာန တခုမှာ အလုပ်လုပ်နေချိန် ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း အသက် ၂ နှစ်မှ ၄ နှစ်အရွယ် မိန်းကလေး ၄ ယောက်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဝန်ခံခဲ့တာပါ။

သူဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုအပါအဝင် သူ အလွဲသုံးစား ပြုခဲ့တဲ့ ကလေးသူငယ် တွေအပေါ် မသင့်လျော်တဲ့ပုံရိပ်တွေ ရိုက်ကူးမှုတွေပါဝင်တဲ့ စွဲချက်ပေါင်း ၂၆ ခုမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ 

ဒါ့အပြင် သူအသုံးပြုတဲ့ စက်ပစ္စည်းတွေထဲမှာ ထောင်နဲ့ချီတဲ့ ကလေးသူငယ် ညစ်ညမ်းပုံတွေကို လည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ ဗင်းဆင့်ချန်းဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း လန်ဒန်ကျောင်း တခုမှာ အလုပ်လုပ်ခဲ့စဉ်ကလည်း ကလေးငယ်တွေကို ဓာတ်ပုံခိုးရိုက်တာနဲ့ လူ့ကျင့်ဝတ် ဖောက်ဖျက်တဲ့ ပြစ်မှုပေါင်း ၃၀ ကျော်ကို ကျူးလွန်ခဲ့ကြောင်း ထပ်မံဝန်ခံခဲ့ပါတယ်။

လန်ဒန်မြို့ Wood Green တရားရုံးမှာ စီရင်ချက်ချတဲ့နေ့မှာ နစ်နာသူ မိန်းကလေးတယောက်ရဲ့ မိခင်ဖြစ်သူက “သူ့ကလေးဟာ လုံခြုံမှု အရှိသင့်ဆုံးအချိန်အတွင်းမှာ စော်ကားခံခဲ့ရတာပါ” လို့ မျက်ရည်တွေနဲ့ ထွက်ဆိုခဲ့ပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာ ငိုယိုနေကြတဲ့ ကလေးငယ်တွေကို ဗီဒီယိုရိုက်နေတဲ့ ဗင်းဆင့်ချန်းရဲ့ အပြုအမူကို လုပ်ဖော်ကိုင်ဖက်တယောက်က သံသယဖြစ်ပြီး တိုင်ကြားခဲ့တာကြောင့် ရဲတပ်ဖွဲ့က သူ့ရဲ့ နေအိမ်ကို ရှာဖွေခဲ့ရာမှာ ကလေးသူငယ် အလွဲသုံးစားပြုမှုဆိုင်ရာ သက်သေ အထောက်အထား တွေကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သူ့စက်ပစ္စည်းတွေထဲမှာ မူကြိုကလေးငယ်တွေကို စော်ကားထားတဲ့ ဗီဒီယိုတွေတင်မကဘဲ ကျောင်းနေအရွယ် ကလေးငယ်တွေကို ခိုးရိုက်ထားတဲ့ ဗီဒီယိုတွေ၊ လမ်းသွားလမ်းလာ သူစိမ်းတွေကို ခိုးရိုက်ထားတဲ့ ဗီဒီယိုတွေနဲ့ သူ့အိမ်မှာ အမျိုးသမီးတစ်ဦး အိပ်ပျော်နေချိန် စော်ကားထားတဲ့ ဗီဒီယိုတွေကိုပါ တွေ့ရှိခဲ့ရပါတယ်။

နစ်နာသူကလေးတွေရဲ့ မိဘများရဲ့ ကိုယ်စားလှယ်ကတော့ သူတို့ရဲ့ ကလေးငယ်တွေ ရက်ရက်စက်စက် စော်ကားခံရမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကြောက်ရွံ့မှုတွေဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ကလေးဘဝရဲ့ အမှတ်တရကောင်းတွေဟာလည်း သံသယတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့အတူ အရောင်ဆိုးခံလိုက်ရပြီလို့ ဆိုပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013