ကွယ်လွန်သူ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ စိန်ဝင်းအတွက် ရက်လည်ဆွမ်းသွတ်တရားနာပွဲကို ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်းက အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်၊ ဆေးလ်ဗားစပရင်းရှိ မင်္ဂလာရာမ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့ပါတယ်။
အသက် ၈၃ နှစ်အရွယ် ဒေါက်တာစိန်ဝင်းဟာ ဖေဖော်ဝါရီ ၆ ရက်နေ့မနက် ၇ နာရီဝန်းကျင်မှာ မယ်ရီလန်းပြည်နယ်၊ Suburban ဆေးရုံမှာကွယ်လွန်ခဲ့တာပါ။
ဒေါက်တာစိန်ဝင်းအတွက် အောက်မေ့ဖွယ်အခမ်းအနားကိုလည်း ဆက်လက်ကျင်းပသွားဖို့ ရှိနေပေမဲ့ ပရိတ်သတ်များများဝင်ဆန့်နိုင်ပြီး ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး စတဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီမဲ့နေရာကိုရှာဖွေနေရတာကြောင့် ရပ်ဝေးကလာရောက်မဲ့ မိတ်ဆွေတွေ ခေတ္တသည်းခံ စောင့်ဆိုင်းပေးဖို့ မိသားစုက မေတ္တာရပ်ခံပါတယ်။
ဒေါက်တာစိန်ဝင်းရဲ့ဇနီး ဒေါ်စီစီသွယ်က “မနေ့တုန်းကမှ National Cathedralကို မယူဖို့ ကျမတို့ ဆုံးဖြတ်လိုက်တာဆိုတော့ ကျန်တာကိုထပ်ပြီးတော့ရှာရမှာပေါ့နော်၊ ရှာတဲ့အချိန်မှာလည်း ကျမတို့အကောင်းဆုံးဖြစ်အောင်ရှာမယ်။ ဒါပေမဲ့ အခုကျမတို့ ဆရာ့ရဲ့ခန္ဓာထားထားတဲ့ Funeral Home ကတော့ ၃ ပတ်၊ ၂၈ ရက်နေ့အထိ ထားလို့ရတယ်၊ အဲ့ဒီ ၂၈ ရက်ကျော်ရင်တော့ တပတ်ကို ၅၀၀ ပေးရမယ်ပေါ့၊ ဒါပေမဲ့ ကျမတို့လည်း မြန်မြန်ပြီးချင်ပါတယ်၊ မြန်မြန်ပြီးချင်တိုင်း ဖြစ်အောင်လုပ်မယ်လို့လည်း လုပ်လို့မရဘူးရှင့်။ အဝေးကလာတဲ့လူတွေအတွက်လည်း စဉ်းစားရမှာပေါ့နော်၊ သူတို့လာဖို့အချိန်ပေးရမယ်၊ နောက်ပြီးသူတို့ အထဲမှာ နေဖို့ပေါ့လေ အဲ့ဒီလိုမျိုး အပြင်မှာထွက်နေတာမျိုး မဖြစ်စေချင်ဘူး၊ အဲ့ဒီတော့ ကျမတို့အခုဆက်ပြီး ရှာနေတယ်ပေါ့”လို့ ပြောပါတယ်။
နာရေးပြန်ကြားရေးကော်မတီမှ ဦးဇော်ဝင်းက “ဆရာ့ရဲ့ အသုဘရှုအခမ်းအနား၊ အောက်မေ့ဖွယ်အခမ်းအနားပေါ့၊ အဲ့ဒီအခမ်းအနားလုပ်ဖို့က လူများများဆန့်တဲ့ အခန်း၊ နောက်ပြီးတော့ သပ်သပ်ရပ်ရပ်ကျင်းပဖို့အတွက်က အခုအထိရှာနေတုန်းဖြစ်နေတယ်။ အဲ့ဒါကြောင့် အခုထိအဖြေမထွက်သေးပါဘူးလို့ လောလောဆယ်ကတော့၊ ဆရာက သင်္ချာပါမောက္ခဖြစ်တယ်၊ ပညာရှင်တဦးလည်းဖြစ်သလို ပြည်ထောင်စုမြန်မာနိုင်ငံအ မျိုးသားညွန့်ပေါင်းအစိုးရရဲ့ ဝန်ကြီးချုပ်လည်းဖြစ်တော့ သူနဲ့ထိုက်တန်တဲ့ဂုဏ်ဒြပ်နဲ့ညီတဲ့ နေရာဌာန အခင်းအကျင်း နောက်ပြီးတော့ ဘာသာရေးနဲ့လည်းအဆင်ပြေတဲ့၊ နိုင်ငံရေးဂုဏ်ပြုစကားတွေလည်း ပြောလို့ရအောင် စနစ်တကျပြင်ဆင်နေပါတယ်ခင်ဗျ”လို့ ပြောပါတယ်။
ဒေါက်တာစိန်ဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကို အာဇာနည်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဘဝင်းရဲ့ သားဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝမ်းကွဲ အစ်ကိုလည်း ဖြစ်ပါတယ်။
၁၉၈၈ အရေးတော်ပုံနဲ့ ၁၉၉၀ ရွေးကောက်ပွဲအလွန်မှာ မြန်မာစစ်တပ်ရဲ့တရားမဲ့ပြုကျင့်မှုတွေကို နိုင်ငံတကာကသိရှိပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် ဝိုင်းဝန်းရပ်ခံလာအောင် ဒေါက်တာစိန်ဝင်း ဦးဆောင်တဲ့ NCGUB အစိုးရက နိုင်ငံတကာမျက်နှာစာမှာ မြင်သာတဲ့စွမ်းဆောင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒေါက်တာစိန်ဝင်းဟာ တိုင်းရင်းသားအင်အားစုတွေနဲ့ ကောင်းမွန်တဲ့ညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
NCGUB နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဘိုလှတင့်က “သူ့ရဲ့ရိုးသားမှုဂုဏ်၊ မိဘမျိုးရိုးဂုဏ်ကြောင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ အားလုံးက တခဲနက်ထောက်ခံအားပေးပြီးတော့မှ အမျိုးသားညွန့်ပေါင်းအစိုးရဆိုတာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ အဲ့ဒီလို တခဲနက်ထောက်ခံအားပေးခဲ့ကြတဲ့ ပြည်သူလူထုရဲ့ဆန္ဒကို အလေးအနက်စဉ်းစားပြီး အသိအမှတ်ပြုခဲ့တဲ့ တိုင်းရင်းသားအင်အားစု ခေါင်းဆောင်တွေအားလုံးကိုရော အင်မတန်မှကျေးဇူးတင်ရှိကြောင်း ဝန်ကြီချုပ်ကိုယ်စား၊ အမျိုးသားညွန့်ပေါင်းအစိုးရကိုယ်စား ပြောချင်ပါတယ်။”
NCGUB သဘာပတိအဖွဲ့ဝင်ဟောင်း ဦးအောင်စောဦးကလည်း “စစ်အာဏာရှင်၊ စစ်အုပ်စုကို ကျနော်တို့ အပြုတ်မတိုက်နိုင်ပေမဲ့လို့ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကို လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ အခွင့်အရေးဟာ ကျနော်တို့လက်ထဲမှာရှိတယ်ဆိုတဲ့ကောက်ချက် အဲ့ဒီကောက်ချက်အတိုင်းပဲ ဆရာက တောက်လျှောက်ရပ်သွားတာဖြစ်တယ်”လို့ ပြောပါတယ်။
ဒေါက်တာစိန်ဝင်းဟာ ရိုးသားမှု၊ ခေါင်းဆောင်ကောင်း၊ ဆရာကောင်းပီသမှုတွေကြောင့် နိုင်ငံတကာရောက်မြန်မာအသိုက်အဝန်း ရဲ့ လေးစားချစ်ခင်မှုကို ရရှိခဲ့သူဖြစ်ပါတယ်။
ရပ်ဆွေရပ်မျိုးတယောက်ဖြစ်တဲ့ ဒေါ်တင်တင်မူက “သူ့ရဲ့နောက်ဆုံးထွက်သက်တွေမှာ ညင်သာစွာ ထွက်သွားတယ်။ တရားဓမ္မ ပြည့်ပြည့်ဝဝရသွားတယ်၊ ဇနီးကောင်းရဲ့ပြုစုစောင့်ရှောက်မှု ကိုဆရာက အပြည့်အဝရသွားတဲ့အတွက် ဆရာ့အတွက်ကို အားလုံးကသိချင်တဲ့သတင်းလေးဟာ ဆရာ့ရဲ့နောက်ဆုံးထွက်သက်လေးဟာ အင်မတန်ကောင်းပါတယ်လို့၊ ဒါက ကျမမျက်မြင်၊ ကျမလက်ထဲမှာ အသက်ထွက်သွားသလိုပုံလေးဖြစ်တဲ့အတွက် ကျမပြောနိုင်တာပါ”လို့ ပြောပါတယ်။
ရပ်ဆွေရပ်မျိုး ဒေါ်ခင်အေးမြင့်ကတော့ “အုတ်တချပ် သဲတပွင့် အကုန်လုံးကိုဦးဆောင်နိုင်တဲ့ ဆရာတယောက်ဖြစ်တဲ့အတွက် အစ်မကြီးတို့အနေနဲ့ကတော့ ဝမ်းနည်းရတယ်၊ ဆုံးရှုံးမှု ကြေကွဲမှုတွေဖြစ်ရပါတယ်”လို့ ပြောပါတယ်။
ဒေါက်တာစိန်ဝင်းဟာ ၁၉၆၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ သင်္ချာဘာသာဖြင့်နဲ့ သိပ္ပံဘွဲ့ရခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ ဂျာမနီနိုင်ငံ ဟမ်းဘတ်တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့နဲ့ ၁၉၇၉ ခုနှစ်မှာ ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။
ဒေါက်တာစိန်ဝင်းဟာ ဒီမိုကရေစီအရေးမှာ အမြင်ကျယ်သူဖြစ်ပြီး သတင်းမီဒီယာလုပ်ငန်းကို အားပေးခဲ့သူဖြစ်ပါတယ်။ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ကို ၁၉၉၂ ခုနှစ်မှာ ဦးဆောင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ ဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ၊ အဖွဲ့ဝင်လူကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်စီစီသွယ်၊ သမီး မလပြည့်စိန်ဝင်းနဲ့ သား မောင်လရောင်စိန်ဝင်းတို့ ကျန်ရစ်ခဲ့ပါတယ်။
သုတချမ်းသာ










