
ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်ရှိ ထောင်ပိုင်အမျိုးသားက လက်အောက်ဝန်ထမ်း အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြံစည်တဲ့ကိစ္စနဲ့ အကျဉ်းထောင်အတွင်း ဥပဒေမဲ့လုပ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဖျာပုံအကျဉ်းထောင်က ထောင်ပိုင် ဇော်ထွန်းဦးက အကျဉ်းသူ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ လက်အောက်ခံ ထောင်ဝန်ထမ်း အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ဖို့ ကြံစည်ကြိုးပမ်းတာ၊ အကျဉ်းသားတွေကို ဥပဒေမဲ့ လုပ်ငန်းတွေ ခွင့်ပြုတာ၊ အကျဉ်းသားတွေအပေါ် အကြောင်းအမျိုးမျိုးပြ ငွေညှစ်တာတွေနဲ့ ပတ်သက်လို့ အခု ဖေဖော်ဝါရီလ ပထမအပတ်က စတင်ပြီး စစ်ကောင်စီက စစ်ဆေးနေတာလို့ သိရပါတယ်။
ဖျာပုံအကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က “ထောင်ပိုင် ဇော်ထွန်းဦးက ထောင်ဝန်ထမ်း အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ သင်တန်းရှိတယ်ဆိုပြီး လိမ်ခေါ်ခဲ့တာ။ အထမမြောက်ခဲ့ပါဘူး။ အထမမြောက်ခဲ့ပေမဲ့ ဝန်ထမ်းအမျိုးသမီးဘက်က လက်မခံဘဲ တိုင်တာ။ တိုင်ကြားခံရပြီး အထက်က စစ်ဆေးနေတာပဲ” လို့ ပြောပါတယ်။
ဖျာပုံထောင်မှာ ထောင်ပိုင် ဇော်ထွန်းဦးက သူ့လက်အောက်ခံ ဝန်ထမ်းအမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြံစည်တာအပြင် ငွေကျပ်သိန်း ၄၀ အထိ ပေးနိုင်တဲ့ အကျဉ်းသားတွေကို လွတ်လပ်စွာ နေထိုင်ခွင့်ပေးတာ၊ ငွေမပေးနိုင်တဲ့ အကျဉ်းသားတွေကို ရိုက်နှက်တာ၊ ငွေပေးနိုင်တဲ့ အကျဉ်းသားတွေကို အရက်၊ ဘီယာ၊ မူးယစ်ဆေးတွေ သုံးစွဲခွင့်ပြုတာတွေပါ လုပ်နေတာကြောင့် စစ်ဆေးခံရတာလို့ သိရပါတယ်။
အကျဉ်းထောင်အခြေအနေကို သိရှိတဲ့ ရှေ့နေတယောက်က “ဇော်ထွန်းဦးက အကျဉ်းသားတွေအပေါ် ဥပဒေမဲ့လုပ်ရပ်တွေ အတော်လုပ်တဲ့သူပါ။ လူ့အခွင့်အရေးချိုးဖောက်မှု တွေကလည်း မနည်းဘူး။ အကျဉ်းသူ မိန်းကလေးတွေရဲ့ ရင်သားတွေ၊ တင်တွေကိုလည်း ကိုယ်ထိလက်ရောက်ကိုင်တာ၊ လက်ခံသူ ရှိချင်ရှိမယ်၊ လက်မခံသူနဲ့ကျတော့ အတိုင်ခံထိတာ” လို့ ပြောပါတယ်။
ဖျာပုံထောင်ပိုင် ဇော်ထွန်းဦးက သူ့လက်အောက်ခံ ဝန်ထမ်းနဲ့ အကျဉ်းသားတွေအပေါ် ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်နေတာနဲ့ ပတ်သက်ပြီး တိုင်းနဲ့ ခရိုင်အဆင့် တာဝန်ရှိသူတွေ ပါတဲ့အဖွဲ့က စစ်ဆေးနေတာလို့ သိရပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလကလည်း အကျဉ်းသူ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ အကျဉ်းသား၊ အကျဉ်းသူတွေအပေါ် ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ဆောင်တာတွေနဲ့ ပတ်သက်လို့ တိုင်ကြားမှုကြောင့် ပထမအကြိမ် စစ်ဆေးခဲ့ပေမဲ့ စစ်ဆေးရေးအဖွဲ့က လာဘ်ငွေယူကာ ပြီးစီးသွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။


