
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည် ဆိုင်ရာတရားရုံး (ICJ) မှာစွပ်စွဲထားတဲ့အမှုက နောင်အနာဂတ်မှာ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်တွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတဲ့အပေါ် ဥပဒေစံနမူနာ စီရင်ထုံးတခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရကြောင်း အပြည်ပြည်ဆိုင်ရာ ရှေ့နေများအဖွဲ့ (IBA) က ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီ ၉ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ခုလိုပြောလိုက်တာဖြစ်ပြီး IBA အဖွဲ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အင်စတီကျု ပူးတွဲဥက္ကဋ္ဌ မာ့ခ်စတီဖင်စ်က "ဒီအမှုဟာ မြန်မာနိုင်ငံထက် ပိုမိုကျယ်ပြန့်ပါတယ်။ ဒါဟာ နိုင်ငံတကာဥပဒေက ကမ္ဘာပေါ်မှာ အထိခိုက် လွယ်ဆုံးသူတွေအတွက် တရားမျှတမှု ပေးနိုင်သလားဆိုတာနဲ့ ဆိုင်ပါတယ်။ အခုတော့ ICJ ဟာ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ပြောဆိုဖို့ အခွင့်အရေးနဲ့ တာဝန်ကို ရရှိထားပါပြီ။ ဒါဟာ ကုလသမဂ္ဂလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းရဲ့ ကျင့်သုံးဆောင်ရွက်မှု ယန္တရားတွေ၊ အထူးသဖြင့် နိုင်ငံတော်ရဲ့ တာဝန်ယူမှုကို စမ်းသပ်စစ်ဆေးတာ ဖြစ်ပါလိမ့်မယ်။ ဒါဟာ ဥပဒေပညာရပ်ပိုင်းအရ ဖွံ့ဖြိုးဆဲဖြစ်နေတဲ့ နယ်ပယ်တခုပါ" လို့ ဆိုပါတယ်။
ICJ ဟာ ပုံမှန်အားဖြင့် နိုင်ငံတွေအကြား နယ်စပ်ပဋိပက္ခတွေနဲ့ သဘောတူစာချုပ် ချိုးဖောက်မှုတွေလို အငြင်းပွားမှုတွေကို ဆုံးဖြတ်ပေးလေ့ရှိပြီး နောက်ဆုံးအကြိမ် အဖြစ် ၂၀၁၅ ခုနှစ်တုန်းက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုတခုကို စစ်ဆေးခဲ့ဖူးပါတယ်။ အဆိုပါအမှုမှာ ခရိုအေးရှားရော ဆားဘီးယားကပါ အပြန်အလှန် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း သက်သေမပြနိုင်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။
လတ်တလောမှာ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ အမှုကြားနာပွဲတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်က စတင်ခဲ့တာဖြစ်ပြီး နှစ်ဖက်စလုံးက နှုတ်နဲ့ လျှောက်လဲချက်တွေကို တရားရုံးမှာ နှစ်ကျော့ပြန် တင်ပြခဲ့ကြပြီးနောက် သီတင်းသုံးပတ်နီးပါးအကြာ ဇန်နဝါရီ ၂၉ ရက်မှာ ကြားနာစစ်ဆေးမှုတွေ ပြီးဆုံးခဲ့တာပါ။
ဒါ့အပြင် ဂမ်ဘီယာဘက်က ခေါ်ယူထားတဲ့ သက်သေ ၃ ယောက်နဲ့ ကျွမ်းကျင်သူ တယောက်ကို စစ်မေးခဲ့သလို၊ မြန်မာဘက်က ခေါ်ယူထားတဲ့ သက်သေ တယောက်ကို လည်း စစ်ဆေးမေးမြန်းခဲ့ပါတယ်။
ဂမ်ဘီယာကိုယ်စားလှယ်အဖွဲ့ကို သူတို့ရဲ့ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီး ဒေါ်ဒါဂျဲလိုက ဦးဆောင်ပြီး မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့ကိုတော့ စစ်ကောင် စီခန့် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့က ဦးဆောင်ပါတယ်။
မြန်မာနိုင်ငံဘက်ကတော့ ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ တကြိမ်၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိ တကြိမ်၊ ၂ ကြိမ် လျှောက်လဲချေပခွင့်ရခဲ့ပြီး ဂမ်ဘီယာရဲ့ လျှောက်လဲချက်တွေဟာ အချက်အလက်ခိုင်မာမှုမရှိဘူးဆိုပြီး အားလုံးကို ငြင်းဆို ပယ်ချခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ စတင်တင်သွင်းခဲ့တဲ့ ဒီအမှုဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေတွင်း ရိုဟင်ဂျာမျိုးနွယ်စုတွေအပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးခဲ့ရသလို အဆိုပါစစ်ဆင်ရေးမှာ လူမျိုးတုံး သတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ပါဝင်နေတဲ့အကြောင်း ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က ကောက် ချက်ချထားတာပါ။
မြန်မာနိုင်ငံဘက်ကတော့ အဆိုပါတွေ့ရှိချက်တွေဟာ ဘက်လိုက်ပြီး ချို့ယွင်းချက်ရှိနေတယ် ဆိုပြီး ပယ်ချခဲ့ကာ သူတို့ရဲ့ နှိမ်နင်းမှုတွေမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သူတွေကို ရည်ရွယ်ခဲ့တာလို့ ငြင်းဆိုထားပါတယ်။
လက်ရှိ IBA အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာတွေအပေါ် လုပ်ဆောင်ချက်တွေက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို ချိုးဖောက် ခြင်း ရှိ၊ မရှိအပေါ် ICJ က ၂၀၂၆ ခုနှစ်နှောင်းပိုင်းမှာ ဆုံးဖြတ်ချက် ချမှတ်လိမ့် မယ်လို့ မျှော်လင့်ရကြောင်း ဖော်ပြထားပြီး တကယ်လို့ မြန်မာနိုင်ငံက ချိုးဖောက်ခဲ့တယ်လို့ ဆုံးဖြတ်ရင်တော့ တရားရုံးက ကုစားမှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို ဆက်လက် ဆုံးဖြတ် အမိန့်ချမယ်လို့ ဆိုပါတယ်။
IBA အဖွဲ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အင်စတီကျု ပူးတွဲဥက္ကဋ္ဌ မာ့ခ်စတီဖင်စ်က တော့ တရားရုံးရဲ့ နောက်ဆုံးဆုံးဖြတ်ချက်က ဘယ်လိုပဲဖြစ်နေပါစေ ဒီအမှုဟာ တခြားသူတွေအတွက် ကိုးကားစရာ စည်းမျဉ်းစာအုပ် ဖြစ်လာပါလိမ့်မယ်။ ICJ ဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုအကြား မျဉ်းကြောင်းကို ပိုမိုပြတ်သားအောင် လုပ်ဆောင်ဖို့ အခွင့်အရေး ရနေပါပြီ။ ဒါဟာ အားပျော့သွားအောင် လုပ်ဖို့မဟုတ်ဘဲ လက်တွေ့ကျကျ အသုံးချနိုင်အောင် လုပ် ဖို့ပါ... ဥပဒေမှာ တိကျမှုရှိတာဟာ ဘဝတွေကို အကာအကွယ် ပေးလေ့ရှိပါတယ်"လို့ ပြောလိုက်ပါတယ်။


