Home
နိုင်ငံတကာ
ကမ္ဘာလှည့်ခရီးသည်များကြောင့် ဖူဂျီတောင်အနီး ချယ်ရီပန်းပွဲတော် ဖျက်သိမ်း
DVB
·
February 7, 2026
Photo :Reuters

ဂျပန်နိုင်ငံရဲ့ နာမည်ကျော် ဖူဂျီတောင်နားက မြို့လေးတမြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ချယ်ရီပန်းပွဲတော်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

အခုနှစ်ပွဲတော်အတွက် ဖူဂျီယိုရှီဒါ ဆိုတဲ့မြို့မှာ ခရီးသွားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ဒေသခံတွေအနေနဲ့ မနိုင်မနင်း ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆက်တွဲအဖြစ် အမြဲလိုလို ယာဉ်ကြောပိတ်ဆို့နေတာမျိုးနဲ့ ကြုံသလို အမှိုက်ပစ်တဲ့ ပြဿနာကြောင့် မြို့ခံတွေရဲ့ အေးချမ်းတဲ့ဘဝအပေါ် ခြိမ်းခြောက်ရာ ရောက်လာခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာလှည့်ခရီးသည်တချို့က ဒေသခံတွေရဲ့ ကိုယ်ပိုင်ခြံဝင်းထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာတွေ၊ အော်ကြီးဟစ်ကျယ်လုပ်တာတွေနဲ့ အညစ်အကြေး စွန့်တာတွေတောင် ရှိတယ်ဆိုပြီး ဖော်ပြထားပါတယ်။

အခုလိုမျိုး သာယာလှပတဲ့ ရှုခင်းတွေကပဲ “ကျုပ်တို့ကို အတော်လေး အကျပ်ရိုက်သလို ခံစားလာရစေတယ်” ဆိုပြီး မြို့တော်ဝန်က မှတ်ချက်ပြုပါတယ်။

ဒါပေမဲ့လည်း နွေဦးရာသီရောက်တဲ့အခါ ကမ္ဘာကျော် ချယ်ရီပန်းတွေ ဝေဝေဆာဆာပွင့်ပြီ ဖြစ်သလို ဖူဂျီတောင်ကိုလည်း နောက်ခံထားပြီး ခံစားနိုင်တာကြောင့် အဲဒီနေရာက ခရီးသွားတွေကြား အလွန်ရေပန်းစားပါတယ်။

၂၀၁၆ ဧပြီလကစလို့ အာရာကူရာယာမာ ဆန်ဂန် ပန်းခြံကို ဖွင့်ပြီး ချယ်ရီပန်းပွဲတော် ကျင်းပလာခဲ့တာဟာ ၁၀ နှစ်လောက် ရှိနေပြီဖြစ်ပါတယ်။

မကြာသေးတဲ့ နှစ်ပိုင်းအတွင်း လာရောက်လည်ပတ်သူ အရေအတွက် အဆမတန် များပြားလာတာနဲ့အမျှ မြို့ရဲ့ လက်ခံနိုင်စွမ်းထက် ကျော်လွန်ကာ လိုတာထက်ပိုတဲ့ Over Tourism ဒဏ်ကို ခံစားနေရတယ်လို့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။

လက်ရှိ ချယ်ရီပန်းပွင့်မဲ့ အထွတ်အထိပ်ကာလဆိုရင် ခရီးသွားတွေက တရက်ကို ၁၀,၀၀၀ အထိ စုပြုံရောက်လာကြပြီး ဒါဟာ ဂျပန် ယန်းငွေတန်ဖိုး ကျဆင်းမှုနဲ့ ဆိုရှယ်မီဒီယာကြောင့်ပဲ ဖြစ်ပါတယ်။

အဲဒီပွဲတော်ကို ရှေ့ဆက်ကျင်းပဖို့ မရှိတော့ပေမဲ့လည်း ဧပြီနဲ့ မေလမှာ ဧည့်သည်တွေ ပိုပြီး ဝင်ရောက်လာနိုင်တဲ့အလျောက် မြို့ငယ်လေးအနေနဲ့ ကြိုတင်ပြင်ဆင်လျက် ရှိပါတယ်။

၂၀၂၄ ခုနှစ်တုန်းကလည်း ဖူဂျီကာဝါဂူချီကိုမြို့မှာ စည်းကမ်းမရှိတဲ့ ခရီးသွားတွေကို တားဆီးဖို့ဆိုပြီး အထင်ရှားဆုံး ဓာတ်ပုံရိုက်တဲ့နေရာမှာ အကာအရံကြီးတခုနဲ့ ပိတ်ဆို့ခဲ့ပါသေးတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013