
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းထဲက ဟဲယာရွာမမှာ ငလျင်ကြောင့် နေအိမ်ပျက်စီးသူတွေ ထောက်ပံ့ကြေးမရရှိဘဲ အုပ်ကြီးနဲ့ အပေါင်းအပါတွေက ဖြတ်စားနေတယ်လို့ ဒေသခံပြည်သူတွေက ဖေဖော်ဝါရီ ၂ ရက်မှာ ပြောပါတယ်။
ဟဲယာရွာမမှာ အိမ်ခြေ ၉၀၀ ကျော် ရှိနေပေမဲ့ အုပ်ကြီး၊ အုပ်ကြီးဇနီးနဲ့ ထွေအုပ်စာရေးမက ၁၂၃ အိမ်ကိုပဲ ထောက်ပံ့ကြေးငွေ သိန်း ၃၆၀ လောက် ပေးနေပြီး ကျန်တဲ့အိမ်တွေကတော့ ဘာထောက်ပံ့ကြေးမှ မရဘူးလို့ သိရပါတယ်။
ဒေသခံတယောက်က “ငလျင်က သူတို့ပဲခံစားရတာ မဟုတ်ဘူး၊ အကုန်ထိတာကို။ ခု ပြည်သူတွေကို မျှမျှတတခွဲပေးဖို့ တောင်းဆိုတာကို မပေးဘူး၊ မလုပ်ပေးနိုင်ဘူးဘဲ ပြောနေတယ်။ ခံစားခွင့်ကျတော့ အုပ်ကြီး၊ ထွေအုပ်လက်ထဲမှာပဲ ရှိနေတယ်။ လူထုကတောင်းဆိုတော့ မခွဲပေးနိုင်ဘူး၊ ကြိုက်တဲ့နေရာတိုင်တဲ့။ ဌာနတွေအကုန်လုံး သူပိုင်တယ်၊ အယူအစား လုပ်နေကြတဲ့၊ အဲလိုပြောတယ်” လို့ ပြောပါတယ်။
ငလျင်ကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ရှိနေပေမဲ့ အုပ်ကြီးရဲ့ ဆွေမျိုးနဲ့ ထွေအုပ်ကလူတွေ ပေါင်းပြီး လှူဒါန်းငွေတွေကို သုံးဖြုန်းနေတဲ့အပြင် အုပ်ကြီးရဲ့ အမျိုးသမီးက အိမ်မပျက်စီးဘဲ သိန်း ၃၆၀ ကို ၂ အိမ်စာအနေနဲ့ သိန်း ၇၂၀ ယူထားတယ်လို့ သိရပါတယ်။
၁၂၃ အိမ်က သိန်း ၃၆၀ ကို ၃ ကြိမ် ခွဲယူကြဖို့ ပြောဆိုထားပြီး တတိယအကြိမ်ကို လာမဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ ပေးမယ်ဆိုပေမဲ့ ကျန်တဲ့အိမ်တွေက ဘာထောက်ပံ့ကြေးမှ မရတဲ့အပြင် လတိုင်း စစ်မှုထမ်းကြေး ၁၉,၀၀၀ ကျပ်ကို ထည့်နေရတယ်လို့ ပြောပါတယ်။
ပြန်လည်ထူထောင်ရေး၊ Unicef၊ WFB၊ ကမ္ဘောဇ၊ ခိုင်နှင်းဝေ၊ အရေးပေါ်ကာလ ထောက်ပံ့မှုနဲ့ ပြင်ပအလှူရှင်တွေရဲ့ အလှူငွေတွေလည်း ၁၂၃ အိမ်ကပဲ ရနေပြီး ကျန်တဲ့အိမ်တွေက ရှိတာလေးနဲ့ ပြန်ပြင်ရတယ်လို့ သိရပါတယ်။
ငလျင်ကြောင့် ထိခိုက်မှုများတဲ့ ကေလာ၊ ဇရပ်ကြီး၊ နန်းပန်ကြာတော၊ နန်းပန်ရေလယ်၊ သလဲဦးအင်း၊ လယ်သစ်ရွာ စတဲ့ရွာတွေက အကုန် တန်းတူခွဲဝေပေးတာတွေ ရှိနေပေမဲ့ အင်းထဲမှာ အကြီးဆုံးရွာဖြစ်တဲ့ ဟဲယာရွာမမှာတော့ မမျှတတာတွေကို ခံနေရတာပဲ ဖြစ်ပါတယ်။


