
အာဏာသိမ်း စစ်တပ်ကပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာလည်း မဲပေးဖို့ ဖိအားပေး ခြိမ်းခြောက်ပြောဆိုတာတွေ ရှိပေမဲ့ ရှေ့အပိုင်းတွေနဲ့နည်းတူ ရန်ကုန်က ပြည်သူတွေရဲ့ စိတ်ဝင်စားခံရမှု မရှိသလောက် နည်းပါးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှာ ရန်ကုန်က မြို့နယ် ၁၇ ခုမှာ ပြုလုပ်နေတာဖြစ်ပြီး အာဏာနဲ့ ဖိအားပေးမှုတွေကို မလွန်ဆန်နိုင်ပေမဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ဟာလည်း ရှေ့အပိုင်းတွေနဲ့နည်းတူ စိတ်ဝင်စားမှု နည်းပါးခဲ့ပါတယ်။
လှိုင်သာယာမြို့နယ် ဒေသခံတယောက်က “ဖိအားပေးတာကတော့ မဲသွားမပေးရင် ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုတာမျိုးတွေတော့ ရှိတာပေါ့။ တချို့လည်း ကြောက်ပြီး သွားကြတာပေါ့။ အခြေခံလူတန်းစားတွေ များတယ်လေ။ အခြေခံလူတန်းစားများတော့ သူတို့မှာ ကျနော်တို့ အပါအဝင်ပေါ့ဗျာ၊ အများစုကတော့ အထိတ်တလန့်တော့ ဖြစ်တာပေါ့။ တော်တော်များများကတော့ မသွားကြပါဘူး။ စိုးရိမ်စိတ်ရှိတဲ့သူလောက်တော့ သွားကြတာပေါ့။ နေ့ခင်းပိုင်းကတော့ မဲပေးတဲ့သူ နည်းနည်းများတယ်။ မနက်ပိုင်းနဲ့ အခုညနေပိုင်းတော့ သိပ်မရှိတော့ဘူး” လို့ ပြောပါတယ်။
လှိုင်သာယာ အနောက်ပိုင်းကနေ တသီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ V V Chan ရဲ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း လူစိတ်ဝင်စားမှု မခံရကြောင်း ဒေသခံတွေက ပြောပါတယ်။
ရွေးကောက်ပွဲ တတိယအပိုင်းမှာ ပါဝင်တဲ့ ခရမ်းမြို့နယ်မှာလည်း မဲလာပေးကြဖို့နဲ့ မဲလာမပေးရင် တအိမ်ထောင်ကို ကျပ် ၈ သိန်း ကောက်မယ်လို့ ကျေးရွာဘက်တွေမှာ ဖိအားပေး ပြောဆိုတာတွေ ရှိကြောင်း ခရမ်းမြို့ ဒေသခံတယောက်က ပြောပါတယ်။
“ဒီနေ့ ၁၀ နာရီလောက် ၁၁ နာရီလောက်ကျတော့ လိုက်အော်တာ၊ တောက်လျှောက်ပဲ အော်နေတာ။ မထည့်ရသေးတဲ့သူတွေ လာထည့်ပါ လာထည့်ပါ ဆိုပြီး။ မနက်ကတော့ မဲထည့်တဲ့သူတွေရှိတယ်၊ နောက်ပိုင်းတော့ မဲထည့်တဲ့သူတွေ မရှိတော့ဘူး တိတ်ဆိတ်သွားတာပဲ။ အစောပိုင်းကတော့ လာထည့်ကြတာ။ ရွာဘက်က လူတွေကျတော့ ကြောက်တယ်လေ။ ပိုက်ဆံ ၈ သိန်း ပေးရမယ် ဆိုတော့ မနည်းဘူးလေ။ ခြိမ်းခြောက်ထားတာတွေကလည်း မျိုးစုံဆိုတော့ တချို့ကျတော့ ထည့်မှရမယ်ဆိုပြီး ကြောက်လန့်ပြီးတော့ လာထည့်ကြတဲ့သူတွေကတော့ ထည့်ကြတယ်။ မထည့်တဲ့သူတွေလည်း မထည့်ကြပါဘူး။”
ရန်ကုန်က ရွေးကောက်ပွဲပြုလုပ်တဲ့ မြို့နယ်တွေကို လုံခြုံရေး တင်းကျပ်ထားပြီး မဲရုံတည်ရှိတဲ့ လမ်းနဲ့ နေရာတွေကို အဝင်အထွက် စိစစ်တာ၊ လမ်းဘေးဈေးဆိုင်တွေ ဖျက်သိမ်းခိုင်းတာ၊ ကားနဲ့ အနှေးယာဉ် အဝင်တွေ ပိတ်ထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကို ကြုံခဲ့ရတဲ့ တာမွေမြို့နယ်က လူငယ်တယောက်ကတော့ အာဏာသိမ်းစစ်တပ်က ပြုလုပ်တဲ့ ၂၀၂၅ ရွေးကောက်ပွဲကို အယုံအကြည်မရှိကြောင်း ပြောပါတယ်။
“ကျနော်ကတော့ မဲပေးဖို့လည်း စိတ်မဝင်စားဘူး။ ဒါကြီးကို အယုံအကြည်လည်း မရှိဘူးပေါ့။ ဒီရွေးကောက်ပွဲက ဘာတခုခုမှ ဖြစ်လာမယ်လို့လည်း မမျှော်လင့်ထားတဲ့ဟာလည်း ဖြစ်နေတော့ ဘယ်ပါတီတွေ ဝင်ပြိုင်နေလဲဆိုတာ ကျနော့်အနေနဲ့ စိတ်မဝင်စားတော့ဘူး၊ အဲလိုမျိုးတော့ ရှိပါတယ်။”
လမ်းမတော်မြို့နယ်ထဲမှာလည်း မဲလာမပေးရင် မှတ်ပုံတင်မလုပ်ပေးတာ၊ ပြည်ပထွက်ခွင့်မရတာ၊ စစ်မှုထမ်းရမှာ စတဲ့ ရပ်ကွက်လူကြီးတွေရဲ့ ခြိမ်းခြောက်ပြောဆိုထားတာတွေကြောင့် မဲသွားပေးသူ တချို့ ရှိခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၅ ရက် ရွေးကောက်ပွဲ အပိုင်း ၃ မှာတော့ ရန်ကုန်တိုင်းထဲက ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီးခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) နဲ့ လှိုင်သာယာ (အရှေ့ပိုင်း) စတဲ့ မြို့နယ် ၁၇ ခုက မဲရုံပေါင်း ၁,၃၀၀ မှာ ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရ ထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။
ဝေဝေ


