
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက်မနက်က ကျင်းပနေတာမှာ ရန်ကုန်က မဲရုံတချို့ကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်း ဖိစနုဆူဝန်နာဂျာတားနဲ့ အဖွဲ့ လာရောက်လေ့လာ ကြည့်ရှုခဲ့တာကို တွေ့ရပါတယ်။
ထိုင်းသံအမတ်ဟောင်းအနေနဲ့ ပြီးခဲ့တဲ့ အန်စီအေ အပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့် အခမ်းအနားမှာ နိုင်ငံတကာ ဧည့်သည်တယောက်အနေနဲ့ မိန့်ခွန်းပြောတုန်းက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ ရွေးကောက်ပွဲက အဖြေမဟုတ်ဘူးလို့ သတိပေးစကားပြောခဲ့ပါသေးတယ်။
အလားတူ ရန်ကုန်မြို့က ထိုင်းသံရုံးမှာလည်း ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးပွဲတွေ ကျင်းပနေပါတယ်။
ဇန်ဝါရီ ၂၄ ရက် မနေ့ကက ထိုင်သံရုံးမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မြန်မာပြည်ရောက် ထိုင်းနိုင်ငံသား ၂၈၁ ယောက် ဆန္ဒမဲလာပေးသွားတယ်လို့ ထိုင်းသံရုံးက ထုတ်ပြန်ထားပါတယ်။
ဒါဟာ မဲစာရင်းရှိ ထိုင်းနိုင်ငံသား ၃၃၂ ယောက်ရဲ့ ၈၄ ရာခိုင်နှုန်းကျော်မဲလာပေးကြတာဖြစ်ပြီး ဒီမဲပြားတွေကို ဇန်နဝါရီ ၂၈ ရက်နေ့ကျရင် ထိုင်းနိုင်ငံကို ပို့ဆောင်သွားမယ်လို့လည်းဆိုပါတယ်။
ဒီကနေ့ ကျင်းပနေတဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ရန်ကုန်က မဲရုံအများစုမှာ မဲလာပေးသူမရှိသလောက် နည်းပါးနေပြီး မဲလာပေးသူအနည်းအကျဉ်းသာရှိတာကို တွေ့ရပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၃ ကို နိုင်ငံတဝန်းက မြို့နယ် ၆၁ မြို့ နယ်မှာ ကျင်းပနေပြီး ရန်ကုန်မှာ ၁၇ မြို့နယ် ပါဝင်နေတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တရုတ်၊ ရုရှား၊ ဘယ်လာရုစ်စတဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ မရှိတဲ့ အာဏာရှင်နိုင်ငံတချို့က ကိုယ်စားလှယ်တွေလာရောက် လေ့လာနေပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။


