
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာမှာရှိတဲ့ စစ်တပ်ပိုင် တန် ၄၀၀၀ ဘိလပ်မြေစက်ရုံက စုပုံသိုလှောင်ထားတဲ့ ကျောက်မီးသွေးပုံတွေကနေ ထွက်လာတဲ့ အနံ့ဆိုးတွေကြောင့် ဒေသခံတွေ အခက်ကြုံပြီး ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်လို့ သိရပါတယ်။
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)ပိုင် တန် ၄၀၀၀ ဘိလပ်မြေစက်ရုံဟာ ကျောက်မီးသွေးသုံးပြီး အဓိက လည်ပတ်နေတာပါ။
စက်ရုံမှာသုံးစွဲမဲ့ ကျောက်မီးသွေးတွေကို ဘိလပ်မြေစက်ရုံဝန်းထဲအပြင် စက်ရုံရှေ့ သထုံ- ဘားအံ ကားလမ်းမရှိဘေးမှာ စည်းကမ်းမဲ့ စုပုံသိုလှောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် စုပုံထားတဲ့ ကျောက်မီးသွေးပုံတွေကနေ အပူလွန်ကဲပြီး မီးလောင်ရာက ထွက်လာတဲ့ အနံ့ဆိုးတွေကို အနီးအနား ကျေးရွာက ဒေသခံပြည်သူတွေ နေ့စဉ်ရှူရှိုက်နေရပြီး ကျန်းမာရေးအတွက် စိုးရိမ်နေကြတာပါ။
ကျေးရွာရပ်မိရပ်ဖတယောက်က “အခြေအနေကတော့ ပိုဆိုးဝါးသွားတာပေါ့။ အနံ့မခံနိုင်ဘူး။ မီးလောင်တာက ပိုဆိုးတာပေါ့။ သူကရေမှ မဖြန်းနိုင်တာ။ လေက ဇရပ်ဖြူဘက်တိုက်ရင် ဇရပ်ဖြူဘက်နံ့တယ်။ နတ်ကုန်းဘက်လာရင် နတ်ကုန်းဘက် နံတယ်။ အဲဒါမျိုးပေါ့။ မပြောရဲတော့ဘူးလေ။ အခုက ဘယ်လို သွားပြောမလဲ”လို့ ပြောပါတယ်။
ကျောက်မီးသွေးကနေ ထွက်ရှိလာတဲ့ အနံ့ဆိုးတွေကို ၂၀၂၂ ခုနှစ်တည်းက ကျွန်းတောကုန်း၊ ရေကျော်၊ ပဲကုန်း၊ ရွာလေး၊ လှာကာ၊ နတ်ကုန်း၊ ဇရပ်ဖြူစတဲ့ အနီးအနားကျေးရွာတွေက ခံစားလာခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
တက်ကြွလှုပ်ရှားသူတယောက်က “အဓိက ကတော့ MEC ဆိုတာ တပ်ပိုင်ဖြစ်တယ်။ ဒီကောင်တွေ သူတို့ရဲ့အကျိုးစီးပွားကိုပဲ ကြည့်တယ်။ ကျောက်မီးသွေးမပြောနဲ့ ထုံးကျောက်ထုတ်တဲ့နေရာမှာက အစ၊ မိုင်းခွဲတာကအစ သူတို့ စည်းကမ်းမဲ့ ခွဲတာ။ တန် ၄၀၀၀ မှာ သွားကြည့်လိုက်။ ကျောက်မီးသွေးကို ပုံတာ ဘယ်လိုပုံလည်းဆို၊ ကွင်းထဲမှာ ဒီအတိုင်းပုံချတယ်။ အကာအရံမရှိဘူး။ သူတို့တွေ စနစ်တကျသိုလှောင်တာလည်း ရှိမှာမဟုတ်ဘူး။ စနစ်တကျ သိုလှောင်မှုဆိုတာ နဂိုတည်းက မရှိခဲ့ဘူး။ အခုလည်း ရှိမှာမဟုတ်ဘူး ပိုဆိုးမှာ”လို့ ပြောပါတယ်။
စစ်တပ်ပိုင် တန် ၄၀၀၀ ဘိလပ်မြေစက်ရုံကို ၁၉၉၆ ခုနှစ်မှာ တည်ဆောက်ပြီးနောက် ၂၀၀၀ ခုနှစ်မှာ သဘာဝဓာတ်ငွေ့နဲ့ စတင်လည်ပတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေကြားက ကျောက်မီးသွေးနဲ့ လည်ပတ်ခဲ့ပြီး စက်ရုံအနီးတဝိုက်ကကျေးရွာတွေမှာ လေထုညစ်ညမ်းမှုတွေအပြင်၊ သောက်သုံးရေတွေလည်း ပျက်စီးခဲ့ရပါတယ်။
ဒါအပြင် တန် ၄၀၀၀ နဲ့ တန် ၉၀၀ ဘိလပ်မြေစက်ရုံ ၂ ရုံ စတင်တည်ဆောက်တည်းက ဒေသခံပြည်သူတွေရဲ့ ဘိုးဘွားပိုင် လယ်ယာ၊ ဥယျာဉ်ခြံမြေတွေနဲ့ နေအိမ်တွေကို မတရားသိမ်းယူ ဖယ်ရှားခဲ့တဲ့အပြင် ကန့်ကွက်ခဲ့တဲ့သူတွေကို တရားစွဲဆိုခဲ့တဲ့အတွက် ဒေသခံတွေ ထောင်ကျခဲ့ရပါသေးတယ်။


