
DVB
ရန်ကုန်မြို့မှာ ကားမီးလောင်မှု မကြာခဏ ဖြစ်လာပြီးနောက် ယာဥ်အမျိုးအစားအလိုက် တပ်ဆင်ရမဲ့ မီးသတ်ဆေးဘူးအရွယ်အစားနဲ့ အလုံးရေကို ထုတ်ပြန်ကာ တပ်ဆင်ထားတာရှိမရှိ စစ်ဆေးသွားမယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဇန်နဝါရီ ၁၇ ရက်မှာ အသိပေးထားပါတယ်။
ကားမီးလောင်မူကြောင့် လူသေဆုံးမူနဲ့ ယာဥ်ပါပစ္စည်း ပျက်စီး ဆုံးရူံးတာမရှိရအောင် အနည်းဆုံး ဓာတုဗေဒပေါင်ဒါမှုန့်ခြောက် (Dry Chemical Powder) မီးသတ်ဆေးဘူးတွေ တပ်ဆင်ထားဖို့ အသိပေးဖော်ပြထားပါတယ်။
ကားအမျိုးအစားအလိုက် ဓာတုဗေဒ ပေါင်ဒါမူန့်ခြောက် ပါဝင်တဲ့ မီးသတ်ဆေးဘူးအနေနဲ့ Salon၊ Jeep၊ Pick up၊ Station Wagon၊ Micro Bus တွေမှာ 1Kg ၁ လုံး၊ Mini Bus၊ Light Truck၊ Light Van တွေမှာ 2Kg ၂ လုံး၊ Truck၊ Van၊ Container Carrier တွေမှာ 3Kg ၃ လုံး၊ Tanker မှာ 3Kg ၂ လုံး၊ City Bus၊ Express တွေမှာ 3Kg ၂ လုံး တပ်ဆင်ရမယ်လို့ ဆိုပါတယ်။
ညွှန်ကြားထားတဲ့အတိုင်း မီးသတ်ဆေးဘူး တပ်ဆင်ထားတာရှိမရှိကို မော်တော်ယာဥ်စစ်ဆေးတဲ့အခါ ထည်သွင်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့မှာ ကားမီးလောင်တာတွေ မကြာခဏ ဖြစ်လာတဲ့အတွက် မီးသတ်ဆေးဘူးက အမှန်တကယ်ဆောင်ထားသင့်တာဖြစ်ပြီး ယာဥ်ပိုင်ရှင်အချို့က လိုက်နာမှုအားနည်းတယ်လို့ ကားဝယ်ရောင်းအကျိုးဆောင်တယောက်က ပြောပါတယ်။
“အရင်ကလည်း မီးသတ်ဆေးဘူးဆောင်ခိုင်းဖူးတယ်။ အချို့က မလိုက်နာဘူး။ ယာဥ်စစ်ဝင်တဲ့အချိန်ကြမှ မီးသတ်ဆေးဘူး ငှားတပ်တာမျိုးလုပ်တယ်။ လိုင်စင်ရုံးရှေ့မှာ မီးသတ်ဆေးဘူးအငှား စျေးကွက်တောင် ဖြစ်ခဲ့သေးတာ။ အခုလည်း တကြော့ပြန် အဲဒီလိုပြန်ဖြစ်မှာ မြင်ယောင်သေးတယ်။”
ယာဉ်စစ်ကားတွေမှာ မီးသတ်ဆေးဘူးတပ်ဆင်ပြီးမှ ယာဉ်စစ်ဝင်လို့ရမှာဖြစ်ပြီး ဌာနက စစ်ဆေးမဲ့ရက် ထည့်မကြေညာပေမဲ့ ဇန်နဝါရီ ၁၉ ရက် စတင်မယ်လို့ ကြားရကြောင်း လိုင်စင်ပွဲစားအချို့က ဆိုပါတယ်။
ရန်ကုန်မြို့မှာ ဇန်နဝါရီ လဝက်အတွင်း ကားမီးလောင်မူ ၄ ကြိမ်ရှိခဲ့ပြီး မီးလောင်ပျက်စီးတဲ့ကား ၅ စီးရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။


