Home
နိုင်ငံတကာ
လေကြောင်းရန်ကာကွယ်ရေးပစ္စည်းများမလုံလောက်ဟု ယူကရိန်းသမ္မတပြော
DVB
·
January 17, 2026
Photo :Reuters

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇလန်စကီးက မဟာမိတ်လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ ဒုံးကျည်တွေ ထောက်ပံ့မှု မလုံလောက်ကြောင်း  ဇန်နဝါရီ ၁၆ ရက်မှာ ပြောကြားလိုက်ပြီး ရုရှားဟာ အကြီးစားတိုက်ခိုက်မှုအသစ်တွေကို ပြင်ဆင်နေကြောင်း သတိပေးလိုက်ပါတယ်။

ယူကရိန်းရဲ့ နောက်ထပ် ထောက်ပံ့ရေး ပစ္စည်းတွေအတွက် တောင်းဆိုချက်ကို မိတ်ဖက်တွေ ကြားသိဖြေရှင်းပေးဖို့က အလွန်အရေးကြီးတယ်လို့လည်း ဇလန်စကီးက သူ့ရဲ့ညနေခင်းမိန့်ခွန်းမှာ ပြောပါတယ်။

ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဟာ လုံခြုံရေး အာမခံချက်တွေနဲ့ စစ်ပြီးကာလ ပြန်လည်ထူထောင်ရေး အစီအစဉ်ဆိုင်ရာ ဆွေးနွေးမှုတွေအတွက် အမေရိကန်ကို သွားရောက်နေကြောင်းလည်း ဇလန်စကီးက ပြောလိုက်ပြီး လာမဲ့အပတ် ဆွစ်ဇာလန်နိုင်ငံ ဒါးဗော့စ်မြို့မှာကျင်းပမဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကာလအတွင်း သီးခြားတွေ့ဆုံမှုတွေမှာ စာရွက်စာတမ်းတွေကို လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဆွေးနွေးပွဲတွေအတွင်း ကိယက်ဗ်အဖွဲ့ဟာ ၄ နှစ်နီးပါးကြာ စစ်ပွဲကို အဆုံးသတ်ဖို့ သံတမန်ရေးကြိုးပမ်းမှုတွေအပေါ် ရုရှားရဲ့ရပ်တည်ချက်နဲ့ပတ်သက်ပြီး အမေရိကန်ဆီကနေ ရှင်းလင်းမြင်သာမှုရရှိမယ်လို့လည်း မျှော်လင့်ပါကြောင်း ဇလန်စကီးက ချက်သမ္မတ ပက်တာပါးဗဲလ်နဲ့အတူ ကိယိဗ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အမေရိကန်သမ္မတ ထရမ့်ပ်ကတော့ သူဟာ ယူကရိန်းခေါင်းဆောင် ဇလန်စကီးနဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ တွေ့ဆုံနိုင်ကြောင်း အခုအပတ် အစောပိုင်းမှာ ရိုက်တာစ်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဝါရှင်တန်က ယူကရိန်းကို မော်စကိုဆီ တင်ပြမဲ့ ငြိမ်းချမ်းရေး မူဘောင်တခုကို သဘောတူဖို့ တွန်းအားပေးခဲ့ပြီး တချိန်တည်းမှာပဲ ကိယက်ဗ်နဲ့ ဥရောပမဟာမိတ်တွေကတော့ ယူကရိန်းကို အနာဂတ်မှာ ရုရှားက ထပ်မံတိုက်ခိုက်မှာ မဟုတ်ဘူးဆိုတာကို သေချာစေဖို့ ကြိုးစားခဲ့ကြပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013