Home
ဆောင်းပါး
ဓာတ်ပုံထဲက အဝတ်တွေချွတ်ချနိုင်တဲ့ AI နည်းပညာနဲ့ စည်းကမ်းချက်တွေကြားက အားပြိုင်ပွဲ
DVB
·
January 16, 2026

လူမှုကွန်ရက်ပေါ်တင်လိုက်တဲ့ မိန်းကလေးတယောက်ရဲ့ အဝတ်အစားအပြည့်အစုံနဲ့ ဓာတ်ပုံတပုံဟာ နောက်တနေ့ မိုးလင်းတဲ့အခါ ဘယ်သူ့လက်ချက်မှန်းမသိဘဲ ဝတ်လစ်စလစ်ပုံ ဖြစ်နေမယ်၊ လူတွေက ဝိုင်းရှယ်ကြလို့ ကိုယ့်ဆန္ဒမပါဘဲ ပြင်ထားတဲ့ ဘီကီနီပုံက ညတွင်းချင်း ကမ္ဘာတပတ် လှည့်ပတ်ပြီးနေပြီဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အဲဒါ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်လမ်းတခု မဟုတ်ပါဘူး။ အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့အပတ်ကပဲ ကီရာနာ ဆိုတဲ့ မိန်းကလေးတယောက် ကြုံခဲ့ရတာပါ။ သူ့လို ကြုံခဲ့ရတဲ့ တခြားမိန်းကလေးတွေလည်း နိုင်ငံတကာမှာ အများကြီး ရှိနိုင်ပါတယ်။

"Deepfake AI" အစစ်ထင်ရလောက်တဲ့ ပုံရိပ်တုလို့ ပြောလိုက်ရင် ကလေးတွေ အပျော်သဘော လုပ်ကြတာလို့ တချို့က ထင်ကောင်းထင်နိုင်ပါတယ်။ Deepfake နည်းပညာနဲ့ AI သုံးပြီး ဓာတ်ပုံထဲက အဝတ်အစားတွေကို ချွတ်ချလိုက်တာလည်း ဖြစ်နိုင်သလို တခြားအဝတ်အစား ပြောင်းဝတ်ပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ညစ်ညမ်းဓာတ်ပုံတပုံမှာ “Face Swap AI” နဲ့ တခြားမျက်နှာကို ထည့်သွင်းပေါင်းစပ် ဖန်တီးခံရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ X လူမှုကွန်ရက်က Grok chatbot Imagine AI ဟာ အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေကို ရေကူးဝတ်စုံ ဘီကီနီပြောင်းဝတ်တာဖြစ်စေ၊ လိင်မြှူဆွယ်ဟန် ကိုယ်အနေအထားတွေဖြစ်အောင် ပြုပြင်ဖန်တီးနိုင်သလို ကလေးငယ်တွေပါဝင်တဲ့ ပုံတွေကိုပါ အဲဒီလို ပြုပြင်ဖန်တီးပေးနေတာကြောင့် ဝေဖန်ခံနေရပါတယ်။

အင်ဒိုနီးရှားနိုင်ငံက မသန်စွမ်းသူအရေး တက်ကြွလှုပ်ရှားသူ ကီရာနာ ကြုံခဲ့ရတာကတော့ သူ့မူရင်းပုံထဲက အဝတ်အစားတွေ ဖယ်ရှားခံခဲ့ရတာပါ။ ကီရာနာဟာ လက်တွန်းလှည်း ဝှီးချဲလ် အသုံးပြုသူတဦးပါ။ သူ့ရဲ့ အဝတ်အစားအပြည့်အစုံနဲ့ ဓာတ်ပုံတွေကို သူမသိတဲ့သူတွေက အီလွန်မတ်စ်ခ်ရဲ့ Grok AI ကိုသုံးပြီး ဘီကီနီဝတ်စုံတွေနဲ့ ပုံတွေဖြစ်အောင် ပုံပြောင်း ဖြန့်ဝေလိုက်ကြပါတယ်။

သူက X (Twitter) ကုမ္ပဏီကို Report လုပ်ပြီး တိုင်ကြားခဲ့ပေမဲ့ ဘာမှထူးခြားမလာပါဘူး။ ပိုဆိုးတာက သူငယ်ချင်းတွေကို အကူအညီတောင်းပြီး Report ဝိုင်းလုပ်ခိုင်းတဲ့အခါမှာလည်း X ကွန်ရက်ရဲ့ Algorithm ကြောင့် ပုံတွေက လူပိုမြင်အောင် လုပ်သလိုဖြစ်ပြီး (Viral) ပျံ့နှံ့သွားခဲ့ရတာပါပဲ။ “ကံဆိုးတာက ဘာမှအလုပ်ဖြစ်မလာဘူး၊ ဘယ်သူတွေ သိမ်းထားလဲ ဆိုတာလည်း မသိနိုင်တော့ဘူး” လို့ သူ ညည်းညူထားတာကို သတင်းတွေထဲမှာ တွေ့ရပါတယ်။

ဒါဟာ ရိုးရိုး ဆိုက်ဘာအနိုင်ကျင့်မှု (Cyberbullying) မဟုတ်တော့ဘဲ နည်းပညာကို လက်နက်သဖွယ်သုံးပြီး ကျူးလွန်တဲ့ နည်းပညာအကူအညီနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (Tech-facilitated Sexual Violence) ပုံစံမျိုး ဖြစ်လာပါတယ်။ ဗြိတိန် နည်းပညာဝန်ကြီး လစ်ဇ်ကန်ဒဲလ် ကိုယ်တိုင်က ဒီလို AI ပုံရိပ်တွေကို “အလွဲသုံးစားပြုနိုင်တဲ့ လက်နက်တွေ” လို့ ခေါ်ဆိုခဲ့ပါတယ်။

ပုံမှန်အားဖြင့် အာဆီယံနိုင်ငံတွေဟာ Facebook, Google, X လို နည်းပညာကုမ္ပဏီကြီးတွေကို ထိပ်တိုက်တွေ့ဖို့ လက်ရှောင်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီတခါမှာတော့ အင်ဒိုနီးရှားနဲ့ မလေးရှား အစိုးရတွေက ခပ်တင်းတင်းပဲ တုံ့ပြန်ခဲ့ကြပါတယ်။ ကာယကံရှင် သဘောတူညီချက်မပါဘဲ ပုံဖျက်ဖန်တီးမှုတွေဟာ လူ့ဂုဏ်သိက္ခာကို ချိုးဖောက်တယ်ဆိုပြီး Grok AI ကို ပိတ်ပင်တားမြစ်လိုက်ပါတယ်။ အင်ဒိုနီးရှားဝန်ကြီး Meutya Hafid က ဒီကိစ္စဟာ လူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ နည်းပညာကုမ္ပဏီတွေ အနေနဲ့ ဒေသတွင်း ဥပဒေနဲ့ ယဉ်ကျေးမှုကို မလေးစားရင် လက်ခံနိုင်စရာမရှိဘူး ဆိုတာကို ပြသလိုက်တဲ့ သမိုင်းဝင် စည်းကမ်းတင်းကျပ်မှု တခုပါပဲ။

အာဆီယံတင် မကပါဘူး။ ဥရောပမှာလည်း ဒီမီးပွားတွေက ပျံ့နှံ့တောက်လောင်နေပါပြီ။ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ဒီလိုလုပ်ရပ်တွေကို “ရှက်စရာကောင်းပြီး ရွံရှာဖွယ်ရာ” လို့ ပြစ်တင်ဝေဖန်ထားပါတယ်။ Internet Watch Foundation (IWF) ရဲ့ တွေ့ရှိချက်အရ အသက် ၁၁ နှစ်နဲ့ ၁၃ နှစ်ကြား မိန်းကလေးငယ်တွေရဲ့ ပုံတွေကို Grok သုံးပြီး ဖန်တီးထားတာ Dark Web ပေါ်မှာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဗြိတိန်အစိုးရက Online Safety Act ဥပဒေအရ ကုမ္ပဏီတွေကို ကမ္ဘာလုံးဆိုင်ရာ ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းအထိ ဒဏ်ရိုက်နိုင်သလို လိုအပ်ရင် X ပလက်ဖောင်း တခုလုံးကိုပါ ပိတ်ချနိုင်တယ်လို့ သတိပေးထားပါတယ်။

အီလွန်မတ်စ်ခ်ကတော့ သူ့ရဲ့ လူမှုကွန်ရက် ဝက်ဘ်ဆိုက် အိတ်စ် (X) ရဲ့ ဉာဏ်ရည်တု (AI) ချက်ဘော့ (Chatbot) ဖြစ်တဲ့ ဂရော့ခ် (Grok) ကို အသုံးပြုပြီး ကာယကံရှင်တွေ မသိဘဲ၊ သဘောတူညီချက်မပါဘဲ လိင်ပိုင်းဆိုင်ရာ ရုပ်ပုံတွေ ဖန်တီးနေတာတွေနဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက်မှာ ဒီဝေဖန်သူတွေဟာ “ဆင်ဆာဖြတ်ဖို့ အကြောင်းပြချက် ရှာနေကြတာ” လို့ တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

သူ့ကို ဝေဖန်ခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ်ကို ရေကူးဝတ်စုံ ဘီကီနီ ဝတ်ထားတဲ့ပုံစံမျိုး AI နဲ့ ဖန်တီးပြီး ပြောင်လှောင်တဲ့ ပုံတပုံကိုတောင် ပြန်လည်မျှဝေခဲ့ပါသေးတယ်။ ဒါ့အပြင် သတင်းမီဒီယာတွေက မေးမြန်းတဲ့အခါ xAI ကုမ္ပဏီက ခေတ်ဟောင်းမီဒီယာတွေ လိမ်ပြောနေတယ် ဆိုတဲ့ အလိုအလျောက် တုံ့ပြန်စာပဲ ပြန်ပို့ခဲ့ပါတယ်။

ခုချိန်မှာတော့ X ဟာ ပုံရိပ်ဖန်တီးတဲ့ လုပ်ဆောင်ချက်ကို လစဉ်ကြေး ပေးသူတွေအတွက်ပဲ ကန့်သတ်လိုက်ပြီး လူတိုင်းကို အသုံးပြုခွင့်မပေးတော့ဘူး ဆိုပေမဲ့ ဝေဖန်သူတွေကတော့ ဒါဟာ ပြဿနာကို ဖြေရှင်းတာ မဟုတ်ဘဲ ပိုက်ဆံပေးရင် လူ့သိက္ခာစော်ကားမှုမျိုး ဆက်လုပ်လို့ရတယ် ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်လို့ ပြောဆိုကြပါတယ်။

နည်းပညာသစ်သမားနဲ့ စည်းကမ်းထုတ်သူတွေကြားက အပြန်အလှန် အငြင်းပွားစရာ “အမြင်မတူမှု” နှစ်ခု အားပြိုင်မှုကို တွေ့နေရတာပါ။ အီလွန်မတ်စ်ခ်ရဲ့ နည်းပညာအမြင်အရ သူက လွတ်လပ်စွာပြောဆိုခွင့် ခြွင်းချက်မရှိ အလုံးစုံလွတ်လပ်ခွင့် ခံယူချက်ကို ကိုင်စွဲထားပါတယ်။ စည်းမျဉ်းတွေက ဆန်းသစ်တီထွင်မှုကို ပိတ်ဆို့တားဆီးရာ ရောက်တယ်လို့ သူက ယူဆပါတယ်။ ဒါကြောင့် Grok ကို “Spicy Mode” ဆိုပြီး လွတ်လပ်ခွင့်ပေးထားတာပါ။

တကယ်တော့ X မီဒီယာရဲ့ Grok သာမက ဓာတ်ပုံထဲက အဝတ်အစားချွတ်ပေး အဝတ်ပြောင်းပေးတဲ့ Generative AI တွေ အများကြီးရှိနေကြပါပြီ။ အင်ဒိုနီးရှား၊​ မလေးရှားနိုင်ငံတွေမှာ Grok AI ကို ပိတ်ပင်လိုက်ရုံနဲ့ private group, dark web တွေမှာရှိနေတဲ့ အလားတူနည်းပညာတွေက ရပ်သွားမယ်လို့ အာမခံလို့ မရနိုင်ပါဘူး။​ VPN အသုံးပြုသူတွေကို အင်ဒိုနီးရှား၊ မလေးရှားမှာ မတားဆီးနိုင်တဲ့အတွက် underground platform လျှို့ဝှက်မြေအောက် ဖြစ်သွားနိုင်ဖို့ အလားအလာက ပိုများပါတယ်။

အစိုးရတွေဘက်က ရှုမြင်ချက်ကတော့ ထိခိုက်နစ်နာအောင်မလုပ်နဲ့၊ ဘေးန္တရာယ်ကင်းရေး ပထမဦးစားပေးဆိုတဲ့ သဘောထားမျိုးပါ။ ဆန်းသစ်တီထွင်မှုဆိုတဲ့ ခေါင်းစဉ်တပ်ပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ ဘဝကို ဖျက်ဆီးခွင့် မရှိဘူးလို့ ယူဆပါတယ်။ လူထုမနစ်နာရအောင် နည်းပညာကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းသိမ်းရမယ်လို့ မြင်ပါတယ်။ တကယ့်အစစ်ထင်ရတဲ့ ပုံရိပ်၊ အသံတွေ ဖန်တီးပေးနိုင်တဲ့ ဉာဏ်ရည်တုနည်းပညာတွေ တရှိန်ထိုး တိုးတက်လာတဲ့အပေါ် သံသယနဲ့ စောင့်ကြည့်မှုတွေလည်း ရှိသလို လက်ရှိဥပဒေတွေက AI အလွဲသုံးစားမှုကို ကာကွယ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

ပုံမှန်ကတော့ နည်းပညာက အမြဲတမ်း ဥပဒေ စည်းမျဉ်းတွေထက် ခြေလှမ်းစောနေတတ်ပါတယ်။ Deepfake AI နဲ့ ဖန်တီးထားတဲ့ ပုံရိပ်တွေက လူတိုင်းရဲ့ အိမ်ခန်းထဲ၊ ကိုယ်ပိုင်ဘဝထဲထိ ရောက်လာနေပေမဲ့ ကာကွယ်ပေးဖို့ ဥပဒေတွေက အခုမှ လိုက်ရေးဆွဲဖို့ ပြင်ဆင်နေရတုန်းပါပဲ။ ဒါ့ကြောင့် နည်းပညာကုမ္ပဏီတွေက သာမန်အသုံးပြုသူတွေအကျိုးကို ကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်မထားသင့်ပါဘူး။ ကိုယ့်ပုံတွေကို လူမှုကွန်ရက်မှာတင်တဲ့အခါ Privacy Setting တွေမှာ Friends Only ထားတာမျိုးလုပ်ပြီး ကိုယ့်လုံခြုံရေး ကိုယ်ယူကြဖို့ သတိထားဖို့ လိုနိုင်ပါတယ်။

နည်းပညာလွတ်လပ်ခွင့် ဖွံ့ဖြိုးတိုးတက်ခွင့်ရယ်၊ ဥပဒေပြုသူတွေဘက်က လူမှုရေးကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေရယ် နှစ်ဖက်အားပြိုင်မှုမှာ ဘယ်ဘက်ကို ဦးစားပေး စဉ်းစားသင့်သလဲ မျှခြေဘယ်မှာလဲ ဆိုတာကတော့ လူတယောက်ချင်းရဲ့ ရပ်တည်ချက်နဲ့ သက်ဆိုင်မှာပါ။ စည်းကမ်းတွေ၊ ထိန်းချုပ်မှုတွေ၊ ရှေးရိုးစွဲတွေ အရမ်းများလွန်းရင် နည်းပညာအသစ်တွေ ထွက်လာဖို့ နှောင့်နှေးနိုင်ပါတယ်။ တချိန်တည်းမှာ လူဂုဏ်သိက္ခာအရ ကျင့်ဝတ်မလေးစားတဲ့ နည်းပညာကလည်း လူ့အဖွဲ့အစည်းကို ဖျက်ဆီးတဲ့ လက်နက်သဖွယ် ဖြစ်သွားနိုင်ပါတယ်။

ကားတစီးမှာ အင်ဂျင်ပါဝါ ရုန်းအားကောင်းဖို့ လိုသလို ထိန်းသိမ်းဖို့ ဘရိတ်ကောင်းဖို့လည်း လိုအပ်နိုင်ပါတယ်။ ဘရိတ်မမိဘဲ အင်ဂျင်အရုန်းအဆွဲ သိပ်ကောင်းနေရင် အန္တရာယ်ရှိသလို ဘရိတ်ကပ်နေရင်တော့လည်း ကားက ရှေ့ကို ခရီးရောက်မှာ မဟုတ်ပါဘူး။​ လက်ရှိ AI အဝတ်ချွတ်ပြဿနာက ဘရိတ်မရှိတာလား၊ ယာဉ်မောင်းသူ (Users) တွေရဲ့ ကျင့်ဝတ်နဲ့ ဒစ်ဂျစ်တယ် သိနားလည်မှု (Digital Literacy) အားနည်းနေတာလား၊ Grok AI ကို အရေးယူသင့်တာလား၊​ ကျင့်ဝတ်မရှိသူ တယောက်ချင်းကို အရေးယူသင့်တာလား ဆိုတာကလည်း မေးခွန်းထုတ်ချင်စရာ ဖြစ်နိုင်ပါတယ်။ဆိုတော့... စာဖတ်သူတို့ရော ဘယ်လိုမြင်ကြပါသလဲ။ "နည်းပညာ တိုးတက်ဖို့အတွက် စည်းကမ်းတွေကို လျှော့ပေးသင့်သလား (Innovation First)။ ဒါမှမဟုတ်... လူ့ကျင့်ဝတ်နဲ့ လုံခြုံရေးအတွက် အခုလို တင်းတင်းကျပ်ကျပ် ပိတ်ပင်တာကို ထောက်ခံသလား (Safety First)"။ ကိုယ့်ရဲ့ အမြင်သဘောထားကို Comment မှာ မျှဝေ ဆွေးနွေးပေးနိုင်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013