
မြန်မာနိုင်ငံ ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်ဘုန်းတော်ကြီး ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက လာမဲ့ ၂၀၂၆ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် လက်နက်ကိုင် တိုက်ခိုက်မှုတွေ ကင်းမဲ့တဲ့ ငြိမ်းချမ်းရေးနှစ် ဖြစ်ပါစေကြောင်း သူ့ရဲ့ ခရစ္စမတ်သဝဏ်လွှာမှာ ဖော်ပြလိုက်ပါတယ်။
၅ နှစ်နီးပါးကြာ ပြည်တွင်းစစ်ဒဏ် ခံစားနေရတဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးရရှိစေဖို့ ဆုတောင်းသဝဏ်လွှာမှာတော့ “ဘုရားသခင်သည် လူသားသမိုင်းထဲသို့ အာဏာမရှိ၊ အကာအကွယ်မရှိ၊ လောကီဆွဲဆောင်မှုများလည်း မရှိသော အားနွဲ့သူအဖြစ် ဝင်ရောက်လာခဲ့သည်” လို့လည်း မြွက်ကြားလိုက်တာပါ။
ဒါ့အပြင် “ငြိမ်းချမ်းရေးကို ဖော်ဆောင်သောသူတို့သည် မင်္ဂလာရှိကြ၏” လို့လည်း ဆရာတော်က ဖော်ပြထားသလို “မြန်မာနိုင်ငံတွင် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသူအားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ။ ၂၀၂၆ ခုနှစ်သည် မြန်မာနိုင်ငံနှင့် တကမ္ဘာလုံးအတွက် ငြိမ်းချမ်းရေးနှစ် ဖြစ်ပါစေကြောင်း ကျွန်ုပ်တို့ ဆုတောင်းပါသည်” လို့လည်း ဖော်ပြထားတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ရက်က ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်က စိန့်မေရီကာသီဒြယ် ကက်သလစ် ဘုရားကျောင်းမှာ ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက ဦးဆောင်ပြုလုပ်တဲ့ ခရစ်တော် မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကိုတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇနီးတို့ တက်ရောက်ခဲ့ကြသလို အခမ်းအနား တက်ရောက်လာတဲ့ စစ်ခေါင်းဆောင်ကို ဆရာတော်က ကြိုဆိုနှုတ်ဆက်ခဲ့ပြီး တက်ရောက် လာသူတွေကို ဓမ္မတေးသီချင်းကျူး ဧချင်း “အိုသာယာသော မြန်မာပြည်တော်ကျူး” ဓမ္မသီချင်း နဲ့ စုပေါင်းသီဆိုခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင်ဟာ ဘုရားကျောင်းထဲမှာ သိမ်းထားတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံကို လာရောက်ခဲ့တုန်းက အသုံးပြုခဲ့တဲ့ လှည့်လည်ယာဉ်တွေကို ကြည့်ရှုခဲ့သလို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ကို ငြိမ်းချမ်းစွာလျှောက်လှမ်းသွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြဖို့လည်း ဒီအခမ်းအနားမှာ သူက ပြောခဲ့တယ်လို့ ဆိုပါတယ်။
လက်တွေ့မှာတော့ အာဏာသိမ်းစစ်တပ်က တဖက်သတ်ရွေးကောက်ပွဲကို ဖိအားပေးကျင်းပဖို့ ပြင်ဆင်နေသလို ခရစ္စမတ်ကာလမှာလည်း နေ့စဉ်ရက်ဆက်ဆိုသလို တိုင်းနဲ့ ပြည်နယ်တွေအနှံ့ အပြစ်မဲ့ အရပ်သားတွေပါမချန် ဝေဟင်နဲ့ မြေပြင်ဗုံးကြဲ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဆက်တိုက် လုပ်ဆောင်နေတာပါ။
မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲဖြစ်ပွားတဲ့ ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၃ ဒသမ ၆ သန်းကျော်အထိရှိလာနေပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ကာဒီနယ်လ် ချားလ်စ်မောင်ဘိုရဲ့ ခရစ္စမတ်သဝဏ်လွှာမှာတော့ ကမ္ဘာကြီးကိုလည်း ရည်ညွှန်းပြောဆိုခဲ့သလို “တဦးချင်းစီသာမက တနိုင်ငံလုံးကပါ လုံခြုံမှုမရှိသလို ခံစားနေရတယ်။ ငြိမ်းချမ်းရေးဟာ ဝေးကွာနေပုံရတယ်။ လူတွေဟာ ငြိမ်းချမ်းရေး အမည်ခံကာ စစ်ပွဲအတွက် ပြင်ဆင်နေကြတယ်။ အစိုးရများဟာ အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ မတုံ့ပြန်ပါက အားနည်းတယ်လို့ အစွပ်စွဲခံနေရတယ်။ ရလဒ်အနေနဲ့ နိုင်ငံတိုင်းနီးပါး လက်နက်များကို ဆက်လက်စုဆောင်းနေကြတယ်” လို့လည်း မိန့်ကြားလိုက်ပါတယ်။
နိဂုံးချုပ်အနေနဲ့ကတော့ ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက “အားနည်းသူတွေ၊ ဆင်းရဲသားတွေနဲ့ ဒုက္ခသည်တွေရဲ့ အသံတွေကို ကြားပါစေ။ ငြိမ်းချမ်းရေးကို စကားလုံးတွေနဲ့သာမက လက်တွေ့လုပ်ဆောင်မှုတွေနဲ့ သက်သေပြပါစေ” ဆိုကာ ခရစ္စမတ်သတင်းစကားကို အဆုံးသတ်ထားပါတယ်။


