
ဂျပန်ကို ထိုင်းကတဆင့် အလုပ်နဲ့ ပို့ဆောင်မယ်ဆိုကာ တယောက်ကို ငွေကျပ် သိန်း ၂၀၀ နီးပါးအထိ လိမ်လည်ရယူခဲ့တဲ့ ပြည်ပအလုပ် အေဂျင်စီ အပါအဝင် ဂျပန်သင်တန်းကျောင်းတချို့ စစ်ဆေးခံနေရပါတယ်။
အလုပ်သမား ၁,၀၀၀ လောက်ဆီက ငွေလိမ်လည်ယူခဲ့တဲ့ ပြည်ပအလုပ်အေဂျင်စီတခုက တာဝန်ရှိသူ အပါအဝင် အလုပ်သမား စုဆောင်းပေးတဲ့ ဂျပန်သင်တန်းကျောင်းတချို့ ခေါ်ယူစစ်ဆေးခံနေရတယ်လို့ အဲဒီလုပ်ငန်း အသိုက်အဝန်းဆီက သိရပါတယ်။
Su Latt Myint Mo အမည်ရ အေဂျင်စီဟာ အလုပ်သမားတွေဆီက ငွေကြေးယူပြီး ပြည်ပ မပို့နိုင်တာနဲ့ ပတ်သက်လို့ တိုင်ကြားခံရတာတွေ ရှိတဲ့အတွက် အခုနှစ် မေလကတည်းက လိုင်စင် ရာသက်ပန် ပိတ်သိမ်း အရေးယူခံထားရတဲ့ အေဂျင်စီ ဖြစ်တယ်လို့ စစ်ကောင်စီ အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီအသင်း (MOEAA) အမှုဆောင်တယောက်က “လိမ်တဲ့သူတွေက ရှောင်ပြေးနေတယ်။ ရှောင်ပြေးနေတယ်ဆိုပေမဲ့ တယောက်ကတော့ အဖမ်းခံထားရတယ် ကြားတယ်။ ကျန်တဲ့သူတွေတော့ လွတ်နေတာပေါ့။ အဲဒါတွေကို ပူးပေါင်း ဖမ်းဆီးပြီးတော့မှ ကလေးတွေရဲ့ ငွေကြေးတွေ၊ ပတ်စ်ပို့တွေ၊ သင်တန်းအောင်လက်မှတ်တွေကအစ သိမ်းထားတာဆိုတော့ တော်တော်လေး ရှုပ်ထွေးဦးမဲ့ ကိစ္စတွေပေါ့။ နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ်ဆိုရင် တရားဝင် လိုင်စင်ရ အေဂျင်စီတွေကို ဆက်သွယ်ပေါ့။ ဆက်သွယ်လာပြီ ဆိုရင်လည်း ငွေကြေးတောင်းခံလာပြီဆိုရင် စိတ်မချရရင် ကျနော်တို့ကို လှမ်းမေးလို့ရပါတယ်။ ကျနော်တို့ MOEAA အဖွဲ့ကလည်း ပြည်ထဲရေးမှာ လိုင်စင်ယူပြီး တရားဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပေါ့။ အေဂျင်စီပေါင်း ၆၀၀ နီးပါး ရှိတယ်။ ကျနော်တို့ကို အချိန်မရွေး မေးလို့ရတယ်။ တရားမဝင် လမ်းကြောင်းတွေကနေ မသွားဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။
Su Latt Myint Mo အပါအဝင် ပြည်ပအလုပ်အေဂျင်စီတချို့နဲ့ ဂျပန်စာသင်တန်းကျောင်းတချို့ဟာ ပြည်တွင်းက လူငယ်တွေကို ၃ လကနေ ၆ လအတွင်း ဂျပန်ပို့ပေးမယ်ဆိုပြီး တယောက်ကို ကျပ်သိန်း ၂၀၀ နီးပါးနဲ့ အလုပ်သမား ထောင်နဲ့ချီ ငွေအလိမ်ခံရတာ ဖြစ်ပါတယ်။
လူငယ်တွေ ပြည်ပအလုပ်ထွက်လုပ်ခွင့် တင်းကျပ်နေချိန် မြန်မာ-ထိုင်း နယ်စပ် တာချီလိတ် လမ်းကြောင်းကတဆင့် ဂျပန်ကို အလုပ်နဲ့သွားရမယ်ဆိုကာ ထိုင်းနိုင်ငံကို ခေါ်သွားပြီး ကြိုတင်ငှားထားတဲ့ အဆောင်တွေ၊ အိမ်တွေမှာ ငှားရမ်းနေခိုင်းတာလို့ ကိုယ်တိုင်ကြုံရတဲ့ အလုပ်သမားတွေဆီက သိရပါတယ်။
အလိမ်ခံထားရတဲ့ အမျိုးသမီးတယောက်က “ညီမတို့အဖွဲ့မှာ အယောက် ၂၀ ကျော်လောက် ရှိတယ်။ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့လူတွေလည်း အများကြီးပဲ။ ညီမတို့ကို ပထမ ဒေါ်လာ ၁,၀၀၀ တောင်းတယ်။ ဘန်ကောက်ကနေ COE စောင့်မယ်။ COE မကျသေးလို့ဆိုပြီး သွားရခါနီးကျ ဒေါ်လာ ၁,၀၀၀ ထပ်တောင်းတယ်။ ၂,၀၀၀ ပေးရတယ်။ ဘန်ကောက်ကို သွားရမယ်တဲ့။ ဘန်ကောက်ကနေ COE စောင့်မယ်ဆိုပြီး တယောက်ကို ၄၆ သိန်း ကျမယ်တဲ့။ ညီမတို့ အဖွဲ့ကလည်း လုပ်မယ်ဆိုပြီး တဖွဲ့လုံး အယောက် ၂၀ လောက် လုပ်လိုက်ကြတယ်။ မယ်ဆိုင်ရောက်တော့ ဘန်ကောက်သွားဖို့ ဗီဇာမကျသေးလို့ ထပ်စောင့်ရတယ်။ တချို့ကျတော့လည်း အခုချိန်ထိ ယုံတုန်း၊ စောင့်တုန်းပေါ့။ တခြား ၆ ယောက်ကတော့ ဖောက်ပြီးတော့ တိုင်လိုက်တာ ဘန်ကောက်မှာ။ ဒါပေမဲ့ မထူးခြားဘူး။ ညီမတို့ကလည်း အဖွဲ့ညီရင်တော့ တိုင်မယ်လို့ စဉ်းစားထားတယ်” လို့ ပြောပါတယ်။
အလုပ်သမားတွေဆီက ငွေပမာဏများစွာ လိမ်လည်ထားတဲ့ Su Latt Myint Mo အပါအဝင် အေဂျင်စီ အမည်ခံ တာဝန်ရှိသူတွေနဲ့ ဆက်စပ် ပါဝင်သူတွေကို ဘယ်လိုအရေးယူမလဲ ဆိုတာကို စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနဘက်က အသိပေး ပြောဆိုတာ မရှိသေးပါဘူး။
အခုလို အလုပ်သမားတွေအပေါ် ငွေကြေးလိမ်လည်တာကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၆ နဲ့ အမှုဖွင့် အရေးယူလို့ရပြီး ပြစ်မူကျူးလွန်ကြောင်း ထင်ရှားရင် ထောင် ၇ နှစ်အထိ ချခံရနိုင်တဲ့အပြင် စာရွက်စာတမ်း အတုပြုလုပ်မှု၊ ငွေကြေးလိမ်လည်မှု အပါအဝင် တခြား ပုဒ်မတွေနဲ့ပါ တရားစွဲဆိုလို့ရတယ်လို့ သိရပါတယ်။
ဇွဲသစ်


