
ပြည်သူ့ဘက်မှ၊ ထာဝရ
လှပ တည်ကြည်၊ ရပ်တည်ခဲ့ခြင်း
"အေးအေးသင်း" ကား၊ ကွယ်လွန်သွားသည့်
ငါးနှစ်ပြည့်မြောက်၊ ယနေ့ရောက်ပြီ။ ။
နွေဦးတော်လှန်ရေးကို ထောက်ခံပြီး ပြည်သူ့လက် ရပ်တည်ကြသူ အနုပညာရှင်တွေလည်း ရှိကြသလို အာဏာသိမ်း စစ်တပ်ဘက်လိုက် အာဏာရှင်အလိုကျ အကြိုက်လိုက်နေကြသူ အနုပညာရှင်တွေလည်း ရှိနေကြပါတယ်။
အလားတူ လွန်ခဲ့သော ၃၇ နှစ်က ဖြစ်ပွားခဲ့တဲ့ သမိုင်းဝင် ၈၈၈၈ အရေးတော်ပုံကြီးတုန်းကလည်း ရုပ်ရှင် စာပေ ဂီတ ဇာတ်သဘင် အနုပညာရှင်တွေလည်း ပြည်သူနဲ့အတူ ပါဝင်ခဲ့ကြတာပါ။ ဒီအထဲမှာ ထင်ရှားသူတဦးကတော့ အဆိုတော် စာရေးဆရာမ ၂ ထပ်ကွမ်း အကယ်ဒမီ ရုပ်ရှင် မင်းသမီး အေးအေးသင်းပါပဲ။ အကယ်ဒမီအေးအေးသင်းဟာ လုံးခြင်းဝတ္တု ၄ အုပ် ရေးသားထုတ်ဝေခဲ့သလို၊ ရုပ်ရှင်ဇာတ်ကားပေါင်း ၃၀၀ ကျော်လည်း ရိုက်ကူးခဲ့သူပါ။ ဓာတ်ပြားရ တေးသီချင်းတွေနဲ့အတူ တွံတေးသိန်းတန်၊ ဇော်မင်းလေး၊ သိန်းတန် (မြန်မာပြည်)၊ ဇော်ဝမ်း တို့နဲ့လည်း တေးစီးရီးတွေ ထုတ်ခဲ့တဲ့ အလွန် အင်မတန် အောင်မြင်ခဲ့တဲ့ စွယ်စုံရ အနုပညာရှင် အမျိုးသမီးကြီးပါပဲ။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက် ၆ နာရီ ၁၅ မိနစ်က မှော်ဘီမြို့နေအိမ်မှာ ဒေါ်အေးအေးသင်းဟာ အသက် ၇၅ နှစ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ အခု ၂၀၂၅ ဒီဇင်ဘာ ၁၇ ကတော့ သူ့ကွယ်လွန်ခြင်း ၅ နှစ်မြောက်။
၈၈၈၈ စိတ်ဓာတ်ကို သက်ဆုံးတိုင် စွဲကိုင်သွားသူ
၁၉၈၈ ခုနှစ်မှာ ၈၈ အရေးအခင်းကြီး ဖြစ်လာတော့ ရဟန်းရှင်လူပြည်သူတွေနဲ့အတူ အနုပညာရှင်တွေ ပါဝင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ၈၈၈၈ အရေးတော်ပုံကြီးကို သတ်ဖြတ် ဖြိုခွင်းပြီး စက်တင်ဘာ ၁၈ ရက်မှာ နဝတ စစ်အစိုးရ ပေါ်ပေါက်လာပါတယ်။ ဒီအခါမှာ ရုပ်ရှင် မင်းသား မင်းသမီး အဆိုတော် ဒါရိုက်တာ စသဖြင့် အနုပညာရှင်တွေဟာ စစ်အစိုးရကို ထောက်ခံခဲ့ကြပါတယ်။ ၈၈၈၈ မှာ ပါဝင်ခဲ့မိတာ မှားပါတယ်။ နဝတ စစ်အစိုးရကို ထောက်ခံပါတယ်ဆိုပြီး ဝန်ခံချက် လက်မှတ်ထိုးခဲ့ကြတယ်။ အနုပညာရှင် တော်တော်များများက လက်မှတ်ထိုးခဲ့ကြပေမဲ့ ရုပ်ရှင်မင်းသား အကယ်ဒမီ ထွန်းဝေ၊ အကယ်ဒမီ မြတ်လေး၊ အကယ်ဒမီ ကျော်သူ၊ ဟာသမယ် မသန်းရွေ နဲ့ အကယ်ဒမီ ရုပ်ရှင်မင်းသမီး အေးအေးသင်း စတဲ့ အနုပညာရှင်တွေကတော့ လက်မှတ် မထိုးခဲ့ကြပါဘူး။ ဒါကြောင့် စစ်တပ်က ခေါ်ယူစစ်ဆေးတာ အကျပ်ကိုင်ပြီး လက်မှတ်ထိုးခိုင်းတာတွေကို အကြိမ်ကြိမ်ခံခဲ့ကြရတယ် ဆိုပါတယ်။ စစ်တပ်အကြိုက် မလိုက်လို့ ရုပ်ရှင်ရိုက်ခွင့်၊ တေးစီးရီးတွေ သီဆို ထုတ်ဝေခွင့်နဲ့ ကက်ဆက်ဇာတ်လမ်းတွေမှာ အသံသရုပ်ဆောင်ခွင့် ဟောပြောခွင့်တွေပါ ပိတ်ပင်ခံခဲ့ရပါတယ်။
ဆန္ဒပြကျောင်းသားတွေကို စစ်တပ် ပစ်သတ်တာတွေကို အစဉ်မမေ့သူ
နဝတ စစ်အစိုးရကို ထောက်ခံ လက်မှတ်မထိုးရတဲ့အကြောင်းကို အကယ်ဒမီ အေးအေးသင်းက တွေ့ဆုံမေးမြန်းခန်းအတွင်း အခုလို ပြောပြခဲ့ပါတယ်။
"ဟာသမယ် မသန်းရွှေနဲ့ ကျမ (အေးအေးသင်း) တို့ဟာ အတူတကွ တိုင်ပင်ပြီး လက်မှတ် မထိုးခဲ့တာပါ။ ငါတို့တွေ နိုင်ငံအတွက် ပြည်သူ့အတွက် အလုပ် လုပ်ခဲ့ကြတာ။ မြင့်မြတ်တဲ့ အလုပ်လုပ်ခဲ့ကြတာမို့ အလကား အနုပညာသည်တွေ အဖြစ်မခံနိုင်ဘူး။ တန်ဖိုးရှိတဲ့ အနုပညာသည် ဘဝနဲ့ပဲ နေမယ်။ ငတ်သေသွားပါစေ။ ဒါရိုက်တာ အစ်ကိုတယောက်က လာပြောတယ်။
ညီမလေး Bound out လုပ်လိုက်။ လက်မှတ်ထိုးလိုက်ပါ။
မထိုးပါဘူးရှင့်။
သူများတွေ ထိုးနေကြတယ်။ ဘာလို့ မထိုးတာလဲ။
သူများတွေ ထိုးတိုင်း ထိုးရမလား။ မထိုးပါဘူး။
သူများတွေရဲ့ ခံယူချက်နဲ့ ကိုယ့်ရဲ့ခံယူချက်နဲ့ တူတာမှ မဟုတ်တာ။
မထိုးဘူးအစ်ကို။
၈၈၈၈ ကာလမှာ ကျမမျက်စိရှေ့မှာ ကျောင်းသား ကျောင်းသူလေးတွေ သေနေကြတာ သူတို့ကို သတ်တာတွေ အကုန်မြင်နေခဲ့ရတယ်။ အခုထိ မြင်နေတုန်းပါ။ ဒါတွေဘယ်လိုလုပ် ဖျောက်ဖျက်ပစ်လို့ ရမှာလဲ။ မဖျောက်ဖျက်နိုင်ဘူး။ မဖျောက်ဖျက်နိုင်တော့ ဒီလို ပစ်သတ်ခဲ့တဲ့ စစ်တပ်ကိုလည်း ထောက်ခံတဲ့ လက်မှတ် မထိုးနိုင်ဘူးရှင်။
၈၈၈၈ ဒို့အရေး ဒို့အရေး ဆန္ဒပြနေရင်း ပစ်သတ်ခံရသူတွေ အများကြီးပါ။ ဒါရိုက်တာ အစ်ကိုကရော ထိုးလိုက်သလား။ အေး ငါတော့ ထိုးလိုက်တယ်။ ဒါဆိုရင် အစ်ကိုနဲ့ ကျမတော့ ခံယူချက်ခြင်း မတူတော့ဘူး။ အေး ပြီးရော ဒါပဲဆိုပြီး ပြန်သွားရော။ "
ပြည်သူ့ဘက်မှရပ်တည်သော အနုပညာရှင် အေးအေးသင်း
ဒေါ်အေးအေးသင်းကို မြန်မာသက္ကရာဇ် ၁၃၀၇ ခုနှစ် တော်သလင်းလဆုတ် ၂ ရက် ၁၉၄၅ ခုနှစ် စက်တင်ဘာ ၁၃ က အဖဦးဘိုးဝေ - အမိဒေါ်မြခင် တို့က မှော်ဘီမြို့မှာ မွေးဖွားခဲ့တယ်။ အမည်ရင်းမှာ မအေးရီဖြစ်တယ်။ ခင်ပွန်းက ဗိုလ်ကြီးအေးမြင့် ဖြစ်ပြီး သားသမီး မထွန်းကားပါ။ ဓာတ်ပြားရ အဆိုတော်ဘ၀၊ ခန္ဓာကိုယ် အချိုးအဆစ် ပြေပြစ်ချောမောတဲ့ ပြက္ခဒိန် မော်ဒယ်သရုပ်ဆောင်ဘဝတွေကနေ ရုပ်ရှင်မင်းသမီး ဖြစ်လာသူပါ။ ပထမဆုံးဇာတ်ကားက မင်းသား အကယ်ဒမီ ညွန့်ဝင်းနဲ့ သရုပ်ဆောင်ရတဲ့ "သတို့သမီး အလိုရှိသည်" ဇာတ်ကားပါ။ ဒီဇာတ်ကားဟာ ညွန့်ဝင်းရဲ့ ပထမဆုံးကားလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ကား ၃၀၀ လောက် ရိုက်ကူးခဲ့ရကြောင်း ဒေါ်အေးအေးသင်းကိုယ်တိုင်က ပြောပြပါတယ်။ အများအားဖြင့် ဗီလိန်ဆန်ဆန် ဇာတ်ရုပ်တွေမှာ ပါဝင်ရပြီး သူ့နေရာမှာ တခြားသူဝင် အစားထိုး သရုပ်ဆောင်ဖို့တောင် ခက်ခဲတယ်လို့ ပြောကြပါတယ်။ ၈၈၈၈ မှာ စစ်တပ်က ပြည်သူတွေကို သတ်ဖြတ်တာတွေကို မြင်ရပြီးနောက် ဒေါ်အေးအေးသင်းဟာ စစ်အာဏာရှင်တွေအပေါ် ပြတ်သားသွားခဲ့ပါတယ်။ ကျဆုံးခဲ့သူတွေအတွက် ပြည်သူတွေဘက်ကသာ အသက်ထက်ဆုံး ရပ်တည်သွားခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ သူဟာ မှော်ဘီမှာ နေပြီး မယ်သိင်္ခ နာမည်နဲ့ ဗေဒင်ဟောတဲ့အခါမှာလည်း နာမည်ရခဲ့ပါတယ်။ နှစ်ဧကလောက် ရှိတဲ့ မြေနေရာကို ဝယ်ယူခဲ့ပြီးနောက်ပိုင်းမှာ သူပိုင်မြေကို ဘုန်းကြီးကျောင်းကို လှူလိုက်ပါတယ်။ ဒါ့အပြင် သူ ဆောက်လုပ် နေထိုင်တဲ့အိမ်ကိုပါ သူကွယ်လွန်တာနဲ့ အပြီးလှူထားခဲ့လိုက်တယ်။ ဒါကြောင့် ၁၇ ဒီဇင်ဘာ ၂၀၂၀ ခုနှစ် သူကွယ်လွန်ချိန်ရောက်တော့ သူပိုင်သမျှဟာ သာသနာပိုင် ဖြစ်သွားခဲ့တာပေါ့။ ဒီနေ့ ၂၀၂၅ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ အကယ်ဒမီ အေးအေးသင်း ကွယ်လွန်ခဲ့တာ ၅ နှစ်ပတ်လည် ရှိပါပြီ။
အကယ်ဒမီ အေးအေးသင်း၏ နောက်ဆုံးစကား
မင်းသား လင်းထင်နဲ့ အေးအေးသင်းဟာ လှေတစင်းပေါ်မှာ ထိုင်နေကြတဲ့ ဇာတ်ဝင်ခန်းကို မြင်နေရတယ်။ လှေကလေးရဲ့ နံဘေးသွဲ့လွှ ရေလှိုင်းလှလေးတွေက ဘောင်ဘင်ခတ်နေကြတယ်။ (မမအေး မမအေး ဟဲ့ကောင်လေး ဟဲ့ကောင်လေး မင်းအသက်ကဖြင့်ငယ်သေး) ဆိုတဲ့ သီချင်းသံက ပျံ့လွင့်နေတယ်။ စတီရီယို အဆိုတော် ဇော်မင်းလေးနဲ့ စတီရီယို အဆိုတော် အေးအေးသင်းတို့ပဲ သီဆိုထားတဲ့ သီချင်းပေါ့။ နောက် ဇာတ်ဝင်ခန်းတခုမှာ အေးအေးသင်းက ကောလိပ်ဂျင်နေဝင်းကို ပါးရိုက်လိုက်တာကိုလည်း မှတ်မိနေတယ်။ အဲသည်ပါးကို ရိုက်လိုက်တာ သရုပ်ပါလွန်းတော့ ကောလိပ်ဂျင်ကြီး (တကယ့်ကို) တော်တော် နာသွားပါသတဲ့။ မိန်းမကြမ်းအဖြစ် ရုပ်ဆောင်ရသူ အေးအေးသင်းဟာ ဇာတ်ကားတကားမှာတော့ မိခင်အဖြစ် ကလေးငယ်ကလေးနဲ့ မန္တလေး နာရီစင်ရှေ့မှာ တယောထိုးတဲ့ ဇာတ်ဝင်ခန်းကျတော့ တော်တော် သရုပ်ပါပြီး သနားစဖွယ်ပါ။ ဝင်းဦးနဲ့ တွဲသရုပ်ဆောင်တဲ့ ဆောင်းအိမ်မက် ဇာတ်ကားမှာ အကယ်ဒမီမှန်းခဲ့ပေမဲ့ မရခဲ့ပါဘူး။ အေးအေးသင်းဟာ ၁၉၇၁ ခုနှစ်က ဒါရိုက်တာစံရွှေမောင်ရဲ့ "မာယာထောင်ခြောက်" ဇာတ်ကား၊ ၁၉၇၃ ခုနှစ်က ဒါရိုက်တာမောင်ဝဏ္ဏ ရိုက်ကူးတဲ့ "ဇာခန်းဆီးနောက်ကွယ်" ဇာတ်ကားတွေနဲ့ အကယ်ဒမီ ၂ နှစ် ဆက်တိုက် ရခဲ့ပါတယ်။ ၁၉၇၂ မှာ အကယ်ဒမီ ဆုပေးပွဲ မရှိဘူးလို့ ဒေါ်အေးအေးသင်းက အင်တာဗျူးတခုမှာ ပြောခဲ့တယ်။ ချစ်ချစ်ဇော်နဲ့ တွဲ သရုပ်ဆောင်ခဲ့တဲ့ ဒါရိုက်တာ ဦးခင်ဇော် ရိုက်ကူးတဲ့ နွေမဇာတ်ကားဟာ အေးအေးသင်းရဲ့ နောက်ဆုံးကားပါ။ အေးအေးသင်း အမည်နဲ့ ဝတ္တုရှည် ငါးအုပ်လည်း ရေးခဲ့တဲ့ စာရေးဆရာမလည်း ဖြစ်ပါတယ်။ "မောင့်မမမြနန္ဒာလှိုင်" က သူ့ရဲ့ နောက်ဆုံးဝတ္ထုပါ။ "စိတ္တဇရှိုက်သံ" လုံးခြင်းဝတ္ထုကိုလည်း သူရေးသားထုတ်ခဲ့ပါတယ်။ ၁၉၈၇ လောက်က ရိုက်ကူးခဲ့တဲ့ နွေမဇာတ်ကားနောက်ပိုင်း ရုပ်ရှင်ကားတွေမှာ သရုပ်မဆောင်ရတော့တဲ့ အကြောင်းကို သူက အခုလို ပြောပြခဲ့ပါတယ်။
"၈၈ နောက်ပိုင်း သရုပ်မဆောင်ရတော့တာက ဟိုအစိုးရကြောင့်ပါ။ ဟို စစ်အစိုးရက ကျမကို မတည့်တော့ဘူးလေ။ သူတို့က မတည့်တာပါ။ ကိုယ်က အနုပညာသမားပဲ။ အနုပညာအလုပ်လုပ်နေရရင် ပျော်တာပဲဟာ။ အေးအေးသင်း . . . အနု ပညာနဲ့ လုပ်စားခွင့် အကုန် ပိတ်တယ်။ နဝတ အစိုးရကနေသရုပ်ဆောင်ခွင့် သီချင်း သီဆိုခွင့် ကပြခွင့် ဟောပြောခွင့် အကုန်လုံး အကုန်ပိတ်ပစ်လိုက်တယ်။ လာငှားကြတဲ့သူတွေကတော့ လာငှားကြတယ်။ သွားမေးပါဦး အေးအေးသင်းကို ငှားလို့ရမလားလို့။ သွားမေးတယ်။ မရဘူးတဲ့။ ကျမ အေးအေးသင်းအပြင် ထွန်းဝေ၊ မြတ်လေး၊ မသန်းရွှေ၊ ကျော်သူတို့ကိုလည်း ပိတ်ထားခဲ့တာရှင့်။” ဒါကတော့ အင်တာဗျူးတခုမှာ ပြောခဲ့တာပါ။
အနုပညာရှင်တွေရဲ့ ပြည်သူ့အတွက် လှုပ်ရှားမှုများ
အငြိမ့်မင်းသမီးကြီး လေပါတီ မမြရင်ဆိုလျှင် နယ်ချဲ့ဆန့်ကျင်ရေး မြန်မာပြည် လွတ်လပ်ရေးအတွက် သပိတ်မှောက် အငြိမ့်ပွဲကိုတောင် ကပြခဲ့ကြောင်း ကြားဘူးပါတယ်။ မမြရင်ရဲ့ ရှေ့မှာ Liberty လေဘာတီကို ထည့်ပြီး လေဘာတီ မမြရင် လို့ အမည်ယူခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့လွတ်လပ်ရေးကို သူ့ရဲ့ အငြိမ့်မင်းသမား ပါဝါနဲ့ ကူညီတိုက်ပွဲဝင်ခဲ့တာပေါ့။ အလားတူ ၈၈၈၈ လုံးမှာလည်း စစ်တပ်က အာဏာသိမ်းသွားပြီး အနုပညာရှင်တွေကို မက်လုံးပေး ခြိမ်းခြောက် စည်းရုံးလို့ လိုက်ပါသွားကြသူတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အကယ်ဒမီ ထွန်းဝေ၊ မြတ်လေး၊ ကျော်သူ၊ ဟာသမယ် မသန်းရွှေ၊ အကယ်ဒမီ အေးအေးသင်းတို့လို လူတွေကတော့ ၈၈၈၈ စိတ်ဓာတ်ကို အသက်ထက်ဆုံး ကိုင်စွဲသွားခဲ့ကြပါတယ်။ စစ်အာဏာရှင်တွေကို ထာဝရ ဆန့်ကျင်တိုက်ပွဲဝင်သွားခဲ့ကြပါသော အနုပညာရှင်တွေ ဖြစ်သွားကြပါရဲ့။ ပြည်သူ့ တော်လှန်ရေး အနုပညာရှင်တွေပေါ့။
အခု နွေဦးတော်လှန်ရေးမှာလည်း ဒါရိုက်တာကိုပေါက်၊ အကယ်ဒမီ မင်းမော်ကွန်း၊ တေးသံရှင်တူးတူး၊ ရုပ်ရှင်မင်းသား အောင်မြင့်မြတ်၊ ဒေါင်း၊ လင်းလင်း၊ ချစ်သုဝေ၊ ပိုင်ဖြိုးသု၊ ဇာဏ်ခီ၊ ခရစ္စတီးနားခီ၊ ဒါရိုက်တာ ဏကြီး၊ မင်းသားခါရာ၊ လူကြမ်းဂျပန်ကြီး၊ ပိုးလေး၊ တိုင်းကျော်၊ ပြည်ကျော်၊ ကောင်းကျော်၊ ဝိုင်းကျော် (ကွယ်လွန်) စတဲ့ ဟားငါးကောင် ဟာသလူရွှင်တော်တွေ၊ ဆောင်းဝတီ၊ ဝါဝါလှိုင်၊ စန်းနီလာဝင်း စတဲ့ အငြိမ့်မင်းသမီးတွေ၊ စိန်သီး၊ ပေါက်စီ စသဖြင့် ဟာသသရုပ်ဆောင်တွေ၊ တယောဖိုးစံ၊ ဆိုင်း ပတ္တလား ဖိုးသင်္ကြန် စတဲ့ စတဲ့ နွေဦးတော်လှန်ရေး အနုပညာရှင်တွေဟာလည်း ပါဝင်တိုက်ပွဲဝင်နေကြပါပြီ။ မှတ်မှတ်ရရကတော့ မြန်မာပြည်က အနုပညာရှင် အားလုံးတို့ဟာ ဒီနေ့ ၂၀၂၅ ဒီဇင်ဘာ ၁၇ ရက် မှာ ကွယ်လွန်ခြင်း ၅ နှစ်ပြည့်သွားတဲ့ အကယ်ဒမီ ဒေါ် အေးအေးသင်းရဲ့ စစ်အာဏာရှင် ဆန့်ကျင် စိတ်ဓာတ် ခံယူချက်တွေကို လေ့လာ အတူယူ သင့်ကြပါတယ်လို့ ပြောလိုတာပါ။
ကိုးကား
၁။ လိပ်ပြာကူးသူများ အစီအစဉ် (Kamaryut Media)
၂။ ဦးအေးကြူလေး ၏ "စိတ်ကိုနိုင်သော အကယ်ဒမီမင်းသမီးကြီးအေးအေးသင်း" ဆောင်းပါး
၃။ အေးအေးသင်း ကွယ်လွန်ခြင်း သတင်းဌာနများ၏ သတင်းများ


