
မြန်မာ့ရုပ်ရှင်နဲ့ ဗွီဒီယိုလောကမှ ထင်ရှားတဲ့ ဟာသ သရုပ်ဆောင် ညောင်ညောင်(ခ)ဦးညီညီလှိုင်ဟာ ဒီဇင်ဘာ ၁၇ ရက် မနေ့ညနေပိုင်းမှာပဲ ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ညောင်ညောင်ဟာ အသည်းနဲ့ ကင်ဆာရောဂါ ခံစားနေခဲ့ရတာ ဖြစ်ပြီး မြောက်ဥက္ကလာ OSC ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ဟာသ သရုပ်ဆောင်အရိုင်းက “ငညီ(ညောင်ညောင်) မင်းက ထွက်သွာပြန်ပြီနော်။ ရှေ့မှာလည်း ကင်းကောင်(ငမျိုး)၊ ဖိုးဖြူ၊ ကိုကုသိုလ်(ကိုမြင့်သိန်း)၊ ကိုမေတ္တာ(ကိုခင်မောင်မြင့်)၊ ကိုတာတူး (ကိုရန်ပိုင်စိုး) တို့က သွားနှင့်ကြပြီလေ။ ဒီဘဝ ဒီခန္ဓာနဲ့ပဲ ပြီးပါတော့။ သံသရာက လွတ်မြောက်ပါစေ လူဇွတ်တရွတ်ကြီးရေ”လို့ ရေးသား မျှဝေထားခဲ့တာကို တွေ့ရပါတယ်။
ထင်ရှားတဲ့ သီးလေးသီးအဖွဲ့မှ ဟာသပညာရှင် စိန်သီးကလည်း “သီးလေးသီး မဖြစ်ခင် သီးလေးသီး ဖြစ်အောင် လက်တွဲခေါ်ခဲ့တဲ့ အစ်ကို ဆရာ အစ်ကို့ရဲ့ နောက်ဆုံးခရီးကို လိုက်မပို့နိုင်ခဲ့ဘူး။ အဝေးကနေပဲ ကန်တော့လိုက်ပါတယ်။ အစ်ကိုဆရာ ကောင်းရာသုဂတိလားပါစေ.....” လို့ ရေးသားမျှဝေထားတာကို တွေ့ရပါတယ်။
ဟာသ ရုပ်ရှင်နဲ့ ဗွီဒီယိုကားပေါင်းများစွာမှာ အတူတွဲပြီး သရုပ်ဆောင်ခဲ့သူ အကယ်ဒမီ လွင်မိုးကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ခုလို ရေးသားမျှဝေထားတာကို တွေ့ရပါတယ်။
“ကိုညီရေ… ဒီတခါတော့ တကယ်နှုတ်ဆက်သွားပြီပေါ့… သံသရာတကွေ့… ပြန်တွေ့ကြရအောင်ဗျာ”
သူဟာ ရုပ်ရှင်နဲ့ ဗွီဒီယိုကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကြား လူသိများခဲ့ပါတယ်။
လတ်တလောမှာတော့ သူ့ရဲ့ နာရေးသတင်းအပေါ် အနုပညာရှင်တွေကရော ပရိသတ်တွေကပါ ဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရေးသားမျှဝေနေကြ ပါတယ်။


