
ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ဘွန်ဒီကမ်းခြေမှာ ဟာနွတ်ကာ့ ပွဲအခမ်းအနားကို တိုက်ခိုက်ခဲ့တဲ့ သေနတ်သမား ၂ ယောက်ဟာ လူ ၁၅ ယောက် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုမတိုင်ခင်က ဖိလစ်ပိုင်ကို ခရီးသွားထားခဲ့ပြီး အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့မှ လှုံ့ဆော်မှုရှိပုံရကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ကော်မရှင်နာ ခရစ်စီဘားရတ်ထ်က“အစောပိုင်း ညွှန်ပြချက်တွေအရ အက်ခရမ် သားအဖ ၂ ယောက် ကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့ အကြမ်းဖက် တိုက်ခိုက်မှုဟာ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့မှ လှုံ့ဆော်မှုကြောင့်ဖြစ်တယ်ဆိုတာကို ညွှန်ပြနေတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီဇင်ဘာ ၁၄ ရက်က တိုက်ခိုက်မှုဟာ သြစတြေးလျမှာ နှစ်ပေါင်း ၃၀ နီးပါးအတွင်း အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဖြစ်ပြီး ဂျူးအသိုင်းအဝိုင်းကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုအဖြစ် စုံစမ်းစစ်ဆေးနေပါတယ်။ ရဲတွေက ပစ်ခတ်ခဲ့တဲ့ သေနတ်သမား အသက် ၅၀ အရွယ် ဆာဂျစ်ဒ် အက်ခရမ် အပါအဝင် သေဆုံးသူဦးရေမှာ ၁၆ ယောက် ရှိပါတယ်။
ကြံရာပါ လို့ ယူဆရတဲ့ ဆာဂျစ်ဒ် အက်ခရမ်ရဲ့ အသက် ၂၄ နှစ် အရွယ် သားဖြစ်သူ နာဗိဒ် အက်ခရမ် လည်း ပစ်ခတ်ခံရပြီးနောက် ဆေးရုံမှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
အမျိုးသား ၂ ယောက်လုံးဟာ ပြီးခဲ့တဲ့လက ဖိလစ်ပိုင်ကို ခရီးသွားခဲ့ပြီး ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို စုံစမ်းစစ်ဆေးနေကြောင်း သြစတြေးလျရဲတပ်ဖွဲ့က ဒီနေ့ ပြောကြားခဲ့ပါတယ်။ အဲဒီကိစ္စကို သူတို့လည်း စုံစမ်းစစ်ဆေးနေကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
သားဖြစ်သူ အမည်ပေါက် မှတ်ပုံတင်ထားတဲ့ မော်တော်ကားထဲမှာ လက်လုပ် ပေါက်ကွဲရေးပစ္စည်းတွေကို တွေ့ရှိခဲ့ပြီး သြစတြေးလျနဲ့ တခြားနိုင်ငံအများအပြားမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ISIS ခေါ် အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့နဲ့ ဆက်စပ်နေတဲ့ လက်လုပ်အလံ ၂ ခုကိုလည်း တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့နဲ့ ဆက်စပ်နေတဲ့ ကွန်ရက်တွေဟာ ဖိလစ်ပိုင်မှာ လှုပ်ရှားနေတယ်လို့ လူသိများပြီး နိုင်ငံတောင်ပိုင်း တချို့နေရာတွေမှာ ဩဇာလွှမ်းမိုးမှု ရှိနေတာ ဖြစ်ပါတယ်။
Source:Reuters


