
စိန်ခေါ်မှုအသစ်တွေအတွက် ကိုရီးယားလိဂ်ကနေ ထွက်ခွါမှာဖြစ်ကြောင်း အင်္ဂလန်လက်ရွေးစင် ကစားသမာဟောင်း ဂျက်စီလင်ဂတ်က တရားဝင်ထုတ်ပြန်သွားပါတယ်။
အသက် ၃၂ နှစ်ရှိ လင်ဂတ်ဟာ ကိုရီးယားထိပ်တန်းကလပ် အက်ဖ်စီဆိုးလ်အသင်းမှာ ၂ ရာသီ ကြာကစားခဲ့ပြီး စုစုပေါင်း ၆၆ ပွဲမှာ ၁၈ ဂိုးသွင်းပြီး ၁၀ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့သူပါ။
အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခံထား ရပေမဲ့ အသင်းနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်ဦးသဘောတူ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပြီး လွယ်ကူတဲ့ ဆုံးဖြတ်ချက်မဟုတ်ကြောင်း လင်ဂတ်က ပြောပါတယ်။
ကိုရီးယားမှာ မိမိရဲ့အချိန် ကာလတွေက မယုံကြည်နိုင်စရာကောင်းပြီး အသင်းရဲ့ ဘောလုံးပတ်ဝန်းကျင်နဲ့ အားပေးမှုတွေက ထိပ်တန်းအဆင့်မှာရှိကြောင်း လင်ဂတ်က ပြောပါတယ်။
လင်ဂတ်ဟာ ကေလိဂ်သမိုင်းမှာ တန်းဖိုးအရှိဆုံးကစားသမားဖြစ်ပြီး လိဂ်ရဲ့ အမှတ်သင်္ကေတ တခုဖြစ်ခဲ့ကြောင်း၊ လင်ဂတ်ကို ဆက်ထိန်းချင်ပေမဲ့ ကစားသမားရဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုတဲ့ဆန္ဒကြောင့် ထွက်ခွါခွင့်ပေးခဲ့တာလို့ ဆိုးလ်အသင်းက ထုတ်ပြန်ပါတယ်။
Photo: Reuters


