
ပြီးခဲ့တဲ့ သီတင်းပတ်က အရှေ့တောင်အာရှနဲ့ တောင်အာရှဒေသတွေကို ဖျက်ဆီးခဲ့တဲ့ ရှားပါးတဲ့ အပူပိုင်းမုန်တိုင်းကြောင့် မိုးသည်းကြီးမည်းကြီး ရွာတာမျိုးတွေဟာ ပူနွေးလာတဲ့ကမ္ဘာမှာ ပိုအဖြစ်များလာမယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ဒီဇင်ဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။
အပူချိန် မြင့်တက်လာလို့ ပိုပူတဲ့လေထုက အစိုဓာတ် ပိုထိန်းထားနိုင်တဲ့အတွက် ပိုပြင်းထန်တဲ့ မိုးတွေ ရွာသွန်းမယ့် အလားအလာကို တိုးမြင့်စေတယ်။
ဒါက ရူပဗေဒ နိယာမပါလို့ WMO ပြောရေးဆိုခွင့်ရှိသူ ကလဲယာ နောလိစ်က ဒီဇင်ဘာ ၂ ရက်မှာ ဂျီနီဗာမြို့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ပိုပြင်းပြင်းထန်ထန် ရွာချတဲ့မိုးတွေကို တွေ့မြင်နေရပြီး အနာဂတ်မှာလည်း ဆက်ဖြစ်နေဦးမယ်လို့ သူက ဆက်ပြောပါတယ်။
အီကွေတာနဲ့နီးတဲ့ အပူပိုင်း ဆိုင်ကလုန်းတွေဟာ ရှားပါးလို့ အဲဒီဒေသတွေက ရပ်ရွာတွေဟာ ရင်ဆိုင်ဖို့ ပြင်ဆင်မှုနည်းပါးပြီး မိုးလေဝသဖြစ်ရပ်တွေရဲ့ သက်ရောက်မှုတွေကို ပိုဆိုးရွားစေတယ်လို့ နောလိစ်က ပြောပါတယ်။
အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ သီရိလင်္ကာတို့ဟာ ပြီးခဲ့တဲ့အပတ်က မိုးသည်းပြီး လေပြင်းတိုက်တာတွေကြောင့် မြေပြိုတာနဲ့ ရေကြီးရေလျှံဖြစ်ပြီး ပိတ်မိနေသူတွေဆီကို ရောက်ရှိရေး ကြိုးပမ်းချက်တွေ အဟန့်အတား ဖြစ်ခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံက မိုးလေဝသဌာနတခုမှာ မှတ်တမ်းတင်ထားတဲ့ ၂၄ နာရီအတွင်း ဒုတိယအမြင့်ဆုံး မိုးရွာသွန်းမှုကို တွေ့မြင်ခဲ့ရတယ်လို့လည်း နောလိစ်က ပြောခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ၂၀၂၅ ခုနှစ် အောက်တိုဘာလ နှောင်းပိုင်းက သွာသိယန့်ဟျူပြည်နယ်က ဘက်မာ တောင်ထိပ်မှာ မိုးရေချိန် ၁,၇၃၉ မီလီမီတာ (၅ ပေ ၈ လက်မခွဲ) အထိ ရွာသွန်းခဲ့ပြီး ကမ္ဘာ့သမိုင်းတလျှောက် ၂၄ နာရီအတွင်း မိုးရေချိန် ဒုတိယအများဆုံး စံချိန်တင်ခဲ့ပါတယ်။
Source: Reuters


