
မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ တရားမဝင်ဘိန်းစိုက်ပျိုးမှုဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိလာခဲ့ပြီး မနှစ်ကထက် ၁၇ ရာခိုင်နှုန်း မြင့်တက်လာတာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာအဖွဲ့ရုံး (UNODC) က ထုတ်ပြန်လိုက်ပါတယ်။
UNODC ရဲ့ ထုတ်ပြန်ချက်အရ အာဖဂန်နစ္စတန်ရဲ့ ထုတ်လုပ်မှု ကျဆင်းလာချိန်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဓိက ဘိန်းထုတ်လုပ်မှု အရင်းမြစ် ဖြစ်လာပြီး ဘိန်းစိုက်ပျိုးမြေကလည်း ၂၀၂၄ ခုနှစ်တုန်းက ဟက်တာ ၄၅,၂၀၀ ရှိရာကနေ ဒီနှစ်မှာတော့ ဟက်တာ ၅၃,၁၀၀ (စတုရန်းမိုင် ၂၀၅.၀၂) အထိ တိုးလာတယ်လို့ သိရပါတယ်။
“မြန်မာနိုင်ငံက အရေးကြီးဆုံး အခြေအနေကို ရောက်နေပါတယ်” လို့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ UNODC ကိုယ်စားလှယ် ဒဲလ်ဖင်း ရှန့်ဇ် (Delphine Schantz) က ထုတ်ပြန်ချက်ကတဆင့် ပြောပါတယ်။
“ဘိန်းစိုက်ပျိုးမြေ အကြီးအကျယ် တိုးချဲ့လာတာဟာ သိပ်မကြာသေးတဲ့နှစ်တွေအတွင်း ဘိန်းစီးပွားရေးက ဘယ်လောက်အထိ ပြန်လည်အခြေခိုင်လာပြီလဲဆိုတာကို ပြသနေသလို အနာဂတ်မှာ ပိုမိုတိုးပွားလာနိုင်တဲ့ အလားအလာကို ညွှန်ပြနေပါတယ်” လို့လည်း ဒဲလ်ဖင်း ရှန့်ဇ် က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု တိုးပွားလာမှုအခြေအနေကတော့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ၃၂ ရာခိုင်နှုန်း၊ ချင်းပြည်နယ်မှာ ၂၆ ရာခိုင်နှုန်း တိုးလာတယ်လို့ UNODC က ဆိုပါတယ်။ နောက်ပြီး ရှမ်းပြည်နယ် တောင်ပိုင်းဟာ အဓိကစိုက်ပျိုးဧရိယာအဖြစ် ဆက်လက်တည်ရှိနေပြီး တနိုင်ငံလုံး စိုက်ပျိုးမှုရဲ့ ၄၄ ရာခိုင်နှုန်းရှိနေတာလည်း ဖြစ်ပါတယ်။
၂၀၂၅ မှာ ရှမ်းပြည်နယ်ရဲ့ ဘိန်းစိုက်ပျိုးမြေဟာ ၄၆,၇၀၀ ဟက်တာဖြစ်ပြီး ကချင်ပြည်နယ်မှာ ၄၂၅၀ ဟက်တာ၊ ချင်းပြည်နယ်မှာ ၁,၀၄၀ ဟက်တာ၊ ကရင်နီပြည်နယ်မှာ ၆၂၈ ဟက်တာာနဲ့ စစ်ကိုင်းတိုင်းမှာ ၅၅၂ ဟက်တာ ရှိတယ်လို့ UNODC က ထုတ်ပြန်ထားပါတယ်။


