
စစ်အုပ်စုရဲ့ လွတ်ငြိမ်းခွင့်အရ ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ်ကျခံနေရသူတွေကို နိုဝင်ဘာ ၂၇ ရက် ဒီနေ့မနက် ပြန်လွှတ်ပေးနေရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုသတင်းပြန်ကြားရေးအဖွဲ့က ဦးကြည်တိုး အင်းစိန်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူထုအုံကြွမှု အားကောင်းခဲ့ချိန် ၂၀၂၁ ခု မတ် ၁၈ ရက်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်အတွင်း လှည်းတန်းမှာ ဦးကြည်တိုးကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
အင်းစိန်ထောင်ကနေ ပြန်လွတ်လာတဲ့အချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အသက် ၉၀ အထိ အတူအလုပ်လုပ်နိုင်ဖို့ အားမွေးထားတယ်လို့ ဦးကြည်တိုးက ပြောသွားပါတယ်။
“၉၀ အထိ အန်တီနဲ့ အလုပ်လုပ်နိုင်ဖို့ အားတင်းထားတယ်။”
ဒီကနေ့မနက်မှာ အင်းစိန်အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ပုဒ်မ ၅၀၅-က နဲ့ အကျဉ်းချခံထားရသူ ၁၉၂ ယောက်ရှိပြီး အမျိုးသမီး ၇၈ ယောက် ပါဝင်တယ်လို့လည်း သိရပါတယ်။
စစ်အုပ်စုက ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးအကျဉ်းချထားသူ ၃,၀၀၀ ကျော်ကို မနေ့ညက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး အဲဒီအထဲက ၇၂၄ ယောက်ကို ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံရပြီး ဖမ်းမမိသူ ၅၅၈၀ ကိုလည်း အမှုက ပိတ်သိမ်းပေးခဲ့တယ်လို့ ဆိုပါတယ်။
သားငယ်


