
ပေါ်ဆန်းဆန် သိုလှောင်ဖြန့်ဖြူးရောင်းချသူတွေအနေနဲ့ ဈေးနှုန်းမြှင့်တင်ရောင်းချတာ လုံးဝမပြုလုပ်ဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က သတိပေးလိုက်ပြီး ရန်ကုန်မှာ ဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်ဖို့ စားသုံးသူတွေဆီ တိုက်ရိုက်ရောင်းချပေးမယ်လို့လည်း ကြေညာလိုက်ပါတယ်။
ဒီအစီအစဉ်ကို MRF နဲ့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းပြီး လာမယ့် နိုဝင်ဘာ ၂၆ ရက်ကစလို့ အကောင်အထည်ဖော်မှာ ဖြစ်ပြီး အိတ်အကြီး (၂၄ ပြည်) ဆန်အိတ်တွေကို အိမ်အရောက်ပို့စနစ်နဲ့၊ အိတ်အသေး (5Kg ၊ 10Kg) တွေကို ရပ်ကွက်နဲ့ ဈေးတွေအထိ လှည့်လည် ရောင်းချသွားမယ်လို့ သိရပါတယ်။
ဒီအစီအစဥ်မှာ ပူပေါင်းပါဝင်ဖို့ ရန်ကုန်တိုင်းအတွင်းက ပေါ်ဆန်းဆန် သိုလှောင် ဖြန့်ဖြူးရောင်းချသူတွေနဲ့ လက်လီဆိုင်တွေကိုလည်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက အသိပေးထားပြီး ကုန်သည် လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့လက်ဝယ်ရှိ ဆန်တွေကို ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်နဲ့ စဉ်ဆက်မပြတ် ဈေးကွက်အတွင်း ထုတ်ရောင်းပေးဖို့ကိုလည်း တိုက်တွန်းပါတယ်။
ဒါ့အပြင် လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဆန်စပါးသိုလှောင်ဖြန့်ဖြူးရောင်းချမှု အချက်အလက်တွေကို မြန်မာဆန်စပါးအွန်လိုင်း MyRO မှာ လစဉ် လဆန်း ၁ ရက် ကနေ ၇ ရက်အတွင်း မပျက်မကွက် စာရင်းသွင်းဖို့လည်း ထပ်မံသတိပေးထားပါတယ်။
အရင်ကလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဟာ လက်လီဆန်အရောင်းဆိုင်တွေကနေတဆင့် ရည်ညွှန်းဈေးနဲ့ စားသုံးသူတွေဆီ ဆန်ရောင်းချပေးခဲ့ဖူးသလို သတ်မှတ်ဈေးနဲ့ အိမ်အရောက် မှာယူနိုင်မယ့် ဆန်ဆိုင်တွေရဲ့ ဖုန်းနံပါတ်တွေကိုလည်း ထုတ်ပြန်ပေးခဲ့ဖူးပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ အဲဒီဖုန်းနံပါတ်တွေကို ဆက်သွယ်ဝယ်ယူတဲ့အခါ ဆန်ဆိုင်တွေက သူတို့အနေနဲ့ အဲဒီနှုန်းနဲ့ ရောင်းချခြင်းမရှိတော့ကြောင်း ဖုန်းပြန်ဖြေဆိုကြတယ်လို့ ရန်ကုန်မြို့က စားသုံးသူတွေဆီက သိရပါတယ်။


