Home
မြန်မာသတင်း
အောင်မင်္ဂလာကားဝင်းတွင် အိမ်စီးနှင့်တက္ကစီကားများကို ဖမ်းဆီးငွေတောင်းနေ
DVB
·
November 22, 2025
Photo : DVB

ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းထဲမှာ အိမ်စီးကားနဲ့တက္ကစီကားတွေရပ်နားရင် ဖမ်းဆီး ငွေတောင်းနေတာကြောင့် အခက်ကြုံရတယ်လို့ ယာဉ်မောင်းနဲ့ ခရီးသွားတွေဆီက သိရပါတယ်။

ကားဝင်းကြီးထဲကို ပြင်ပကနေ ခရီးသည်လာကြိုတဲ့ အိမ်စီးကားတွေအပါအဝင် တက္ကစီတွေ ရပ်နားထားတာကိုတွေ့ရှိတာနဲ့တပြိုင်တည်း အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးတာလို့ ဆိုပါတယ်။

တက္ကစီသမားတယောက်က “အဲဒီဝင်းထဲမှာ ကားကိုခဏလေးပဲရပ်ရသေးတယ်။ ခရီးသည်ချနေတုန်း၊ အဲဒါ ဘယ်ကနေဘယ်လိုကြည့်ပြီး ရောက်လာလဲမသိဘူး၊ ချက်ချင်းကိုရောက်လာတာ။ ပြီးတော့ မရပ်ရနေရာလည်း မဟုတ်ဘူး။ လိုင်စင်တောင်းတယ်။ ဝှီးတက်တောင်းတယ်။ ပြပေါ့။ ပြီးတော့ပိုက်ဆံတောင်းတယ်။ ပိုက်ဆံ‌မပေးရင် လိုင်စင်ကိုသိမ်းသွားမယ် ပြီးမှ လာပြန်ရွေး ဆိုပြီးပြောတယ်။ ခဏခဏကြုံရတယ်။ တော်တော်လေးကိုဆိုးတာ” လို့ ပြောပါတယ်။

ရဲ၊ အရပ်ဝတ်နဲ့စောင့်ကြည့်ဖမ်းဆီးတဲ့သူတွေဟာ ကားတစီးကို အနိမ့်ဆုံး ၅၀,၀၀၀ ကျပ် တောင်းတာလို့ သိရပါတယ်။

အဲဒီလိုကြုံတွေ့နေကြရလို့ တက္ကစီသမားတော်တော်များများက အောင်မင်္ဂလာအဝေးပြေးကို ခရီးသည်လိုက်မပို့တော့ဘူးလို့ သိရပါတယ်။

အောင်မင်္ဂလာအဝေးပြေးဂိတ်ကို ပစ္စည်းသွားပို့သူတယောက်က “အဲဒီမှာက သတင်းပေးတွေရှိတယ်။ သုံးဘီးမောင်းတဲ့သူတွေက အကုန် ပျူစောထီးတွေကြီးပဲ။ သူတို့တွေက သတင်းလှမ်းပေးတာ။ ကား အခုရပ်တယ်၊ ၁၅ မိနစ်တောင်မကြာဘူး။ အဲဒီကောင်တွေ ရောက်ချလာတာ။ ဘယ်ကနေ ချောင်းနေလဲမသိဘူး။ ပိုက်ဆံပေါ်တင်တောင်းတယ်။ တသောင်းပေးရင် မရဘူး။ ၅၀,၀၀၀ အနည်းဆုံးပေးရတယ်” လို့ ပြောပါတယ်။

အောင်မင်္ဂလာအဝေးပြေးဝင်းဟာ စစ်တပ်လက်အောက်ခံ YRTC ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်ပြီး အခုလို ဖမ်းဆီးဖို့နဲ့ပတ်သက်လို့ စည်းကမ်းချက်ထုတ်ပြန်ထားတာ မရှိတဲ့အပြင် ‌အကြောင်းမဲ့သက်သက် ဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။

အဖမ်းခံရဖူးသူ တက္ကစီသမားတယောက်က “သူတို့ ကျနော့်ကားကို ဖမ်းတုန်းကတော့ လမ်းပေါ်ရပ်လို့တဲ့။ ခရီးသည် အတင်အချလည်းမရဘူး။ ပစ္စည်းအတင်အချလည်းမရဘူးတဲ့။ ဒါနဲ့ပတ်သက်ပြီး စည်းကမ်းချက်ထုတ်ထားတာလည်းမရှိဘူး” လို့ ပြောပါတယ်။

အောင်မင်္ဂလာအဝေးပြေးကို အဝေးပြေးကားတွေအပါအဝင် နေ့စဉ်ကားအစီးရေ ထောင်ကျာ် အဝင်အထွက်လုပ်နေတာဖြစ်ပြီး အခုလိုဖြစ်နေတဲ့အပေါ် သတိထားကြဖို့ ကားသမားတွေအချင်းချင်း သတိပေးနေကြရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013