
စစ်တပ်က တရားမဝင်ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ စစ်တပ်မဲရုံတွေကို တပ်တွင်းမှာပဲထားမယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေအပါအဝင် သူတို့ရဲ့ မိသားစုဝင်တွေဟာ မိမိတာဝန်ကျရာ စစ်တပ်မှာ မဲပေးရမှာလို့ ဆိုပါတယ်။
အမည်မဖော်လိုသူ စစ်ကောင်စီအရာရှိတယောက်က “မဲရုံတွေက တပ်တွင်းထဲမှာပဲထားမှာ။ အပြင်မထုတ်ဘူး။ တာဝန်ကျလို့ ရှေ့တန်းဘာညာပါသွားရင်လည်း အဲဒီကနီးစပ်ရာတပ်မှာပဲ မဲပေးရမယ်။ မဲရုံကိုအပြင်မထုတ်ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်တပ်မိသားစုဝင်တွေအနေနဲ့ ကြံ့ခိုင်ရေးပါတီတခုတည်းကိုပဲ မဲပေးရမယ်လို့ ညွှန်ကြားထားပြီး တခြားပါတီကို မဲပေးရင် အရေးယူခံရမယ်လို့ ခြိမ်းခြောက်တာတွေလည်းရှိတယ်လို့ သိရပါတယ်။
စစ်သားတယောက်ရဲ့ ဇနီးက “ကျမတို့က လိုင်းခန်းထဲမှာနေရတာ။ ယောကျ်ားကလည်း ရှေ့တန်းပါသွားတယ်။ အခုထိ အဆက်အသွယ်မရဘူး။ ပြန်စရာနေရာကလည်းမရှိဘူး။ သူတို့ဆီမှာနေရင် သူတို့သဘောအတိုင်းပဲပေါ့။ တပ်ထဲမှာပဲ မဲပေးရမယ်။ သူတို့သတ်မှတ်ထားတဲ့ပါတီကလွဲရင် ကျန်ပါတီကို ပေးခွင့်မရှိဘူး။ ပေးရင် လိုင်းခန်းကနေ ဖယ်ပေးရမယ်ပြောတယ်။ ဒီထဲမှာကျတော့ ဘယ်သူကဘယ်သူ့ကို မဲပေးတယ်ဆိုတာ သိသာတယ်။ လူကလည်း ဒီလူတွေပဲရှိတာ။ အဲဒီတော့ အပြင်လူမရှိဘူး။ ရှင်းနေတာပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာတော့ တပ်မဲရုံတွေကို တပ်တွင်းမှာ မထားရှိဘဲ တပ်ပြင်ပကမဲရုံတွေမှာပဲ မဲပေးခဲ့ကြရတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


