
ရာသီဥတုအခြေအနေအရ မြိတ်-ထားဝယ်ခရီးစဥ်ကို ပြေးဆွဲနေတဲ့ စပိဘုတ်ယာဥ်ငယ်အစား လူဦးရေ ၂၀၀ ဆံ့တဲ့ အမြန်ရေယာဥ်တွေကို ခေတ္တယာယီပြေးဆွဲမယ်လို့ မြိတ်ခရီးသွားလုပ်ငန်းတွေဆီက သိရပါတယ်။
မြိတ်-ထားဝယ်ခရီးစဥ်ကို ၉၉၉ အဲယားကွန်းအမြန်ရေယာဥ်နဲ့ နိုဝင်ဘာ ၂၂ ရက်က ယာယီပြေးဆွဲပေးနေပြီး လူတယောက်ကို စျေးနှုန်း ၂၅၀,၀၀၀ ကျပ်နဲ့ လက်မှတ်ရောင်းချပေးနေတယ်လို့ ပြောပါတယ်။
ရာသီဥတုအခြေအနေအရ လှိုင်းလေကြီးနေတာကြောင့် စပိဘုတ်ရေယာဥ်ငယ်တွေ သွားလာဖို့ အန္တရာယ်ရှိနိုင်ပြီး အမြန်ယာဥ်ကြီးကို ရက်ပိုင်းလောက်ပဲ ခေတ္တပြေးဆွဲသွားမယ်လို့ ခရီးသွားလုပ်ငန်းမှာ လုပ်ကိုင်နေသူတယောက်က ပြောပါတယ်။
“အမြန်ယာဥ်ကြီးက တရက်၊ နှစ်ရက်လောက်ပဲ ပြေးဆွဲမှာပါ။ နေ့တိုင်း အမြဲတမ်းတော့ မပြေးဆွဲပါဘူး။ ထားဝယ်ဆိပ်ကိုအရောက် ပို့ပေးတာပါ။ ဒီနေ့ဆို လူဦးရေက ၃၀ လောက် လိုက်ပါသွားတယ်။ လူ ၁၀၀ ကျော်၊ ၂၀၀ လောက်၊ အခုက ခရီးစဥ်လိုက်ပါသလောက်ပဲ ပြေးဆွဲပေးနေပါတယ်။”
မြိတ်-ထားဝယ်ခရီးစဥ်ကို တိုက်ရိုက်ပြေးဆွဲမှာဖြစ်ပြီး မြိတ်မြို့ကနေ မနက် ၉ နာရီ ထားဝယ်ကို ထွက်ခွာမှာဖြစ်သလို နောက်တရက်မနက် ၈ နာရီ မြိတ်ကို ပြန်ထွက်ခွာမှာဖြစ်ပြီး ခရီးစဥ်အချိန်က ၅ နာရီကြာမြင့်မယ်လို့ပြောပါတယ်။
မြိတ်-ထားဝယ်ကားလမ်းပိုင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ကြား စစ်ရေးပြန်လည်တင်းမာနေပြီး ခရီးသွားကားတွေ ပိတ်မိနေတာကြောင့် ရေလမ်းကနေ မြိတ်-ထားဝယ်ခရီးစဥ်ကို စပိဘုတ်အမြန်ယာဥ်တွေနဲ့ ပြေးဆွဲနေတာလို့ ခရီးသွားလာပြည်သူတွေဆီက သိရပါတယ်။


