
ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မူဇေဒလွန်းမ်ပြတိုက်မှာ ရှေးဟောင်းအလောင်းတွေကို ထိန်းသိမ်းတဲ့ နည်းစနစ်နဲ့ ပတ်သက်တဲ့ ပြပွဲတခုအတွက် နိုဝင်ဘာ ၁၉ ရက်က ယဉ်ကျေးမှုမတူတဲ့ နိုင်ငံအသီးသီးမှ မံမီတွေကို ဖြည့်သွင်း ခင်းကျင်းပြသထားပါတယ်။
“မံမီများ” လို့ အမည်ပေးထားတဲ့ ပြပွဲမှာ တောင်အမေရိက၊ အီဂျစ်နဲ့ ပြင်သစ်တို့မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ မံမီ ၈ ခုကို ပြသထားပြီး ပြပွဲကို ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်အထိ ပြသထားမှာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံ အမျိုးသားသိပ္ပံသုတေသနဗဟိုဌာန (CNRS) မှ အကြီးတန်းသုတေသီ ပါစ်ကယ်လ် စယ်လီယာက “တကယ်တော့ သေဆုံးခြင်း၊ သေဆုံးသူတွေနဲ့ မံမီတွေနဲ့ ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာကိစ္စတခုဖြစ်ပြီး ကျနော်တို့က သူတို့ကို ရိုးရိုးသားသား လေးစားမှုပြသတဲ့ နည်းလမ်းရှာဖွေဖို့ ကြိုးစားခဲ့တာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
ပြသထားတဲ့ မံမီတွေထဲမှာ ၁၉၇၇ ခုနှစ်က အင်ဒီးစ်တောင်တန်းရှိ ဂူဗိမာန်တခုမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ပီရူးနိုင်ငံမှ ချာချာပွိုင်ယာ လူမျိုးစုမှ အမျိုးသားမံမီလည်း ပါဝင်ပါတယ်။
အလောင်းတချို့ကို ထိုင်လျက်အနေအထားနဲ့ မံမီပြုလုပ်ထားပေမဲ့ တချို့က လဲလျောင်းနေကြ ပါတယ်။
အလောင်းအားလုံးကို အဝတ်ဗလာ ကိုယ်လုံးတီး ထိန်းသိမ်းထားတာမဟုတ်ဘဲ တချို့မှာ အဝတ် ဝတ်ဆင်ထားပြီး ကြိုးတွေနဲ့ သိုင်းခြုံဖုံးအုပ်ထားပါတယ်။
အာရုံခံစားမှု ပိုလွယ်နိုင်မယ့် ဧည့်သည်တွေ ချက်ချင်းမမြင်နိုင်စေဖို့အတွက် မံမီနမူနာတွေအနီးမှာ ကန့်လန့်ကာတွေ တပ်ဆင် ချိတ်ဆွဲထားပါတယ်။ လာရောက်ကြည့်ရှုသူတွေဟာ ရာစုနှစ်များစွာအတွင်း မံမီပြုလုပ်ခြင်းနည်းစနစ်တွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
ရှေးခေတ်က ခန္ဓာကိုယ်ထဲမှ ဝမ်းတွင်းကလီစာတွေကို ဖယ်ထုတ်ခြင်းကနေ သွေးရာမှာ ကြာရှည်ခံအောင်ထိန်းသိမ်းတဲ့ဆေးရည်တွေနဲ့ အစားထိုးတဲ့ ခေတ်မီနည်းပညာတွေအထိ ပါဝင်တယ် လို့ အကြီးတန်းသုတေသီ စယ်လီယာ က ပြောပါတယ်။
Source:Reuters


