
ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် ထောင်းဖာဖုမ်းမြို့နယ်ထဲမှာ တရားမဝင်ရွှေလာတူးဖော်တဲ့ မြန်မာဘက်ခြမ်းက ကရင်တိုင်းရင်းသား ၄ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ကန်ကျနပူရီ ခရိုင် အမျိုးသားသစ်တောကြိုးဝိုင်း တာဝန်ရှိသူက နိုဝင်ဘာ ၁၇ မှာ ထုတ်ပြန်ပါတယ်။
ထောင်းဖာဖုမ်းမြို့နယ် အမျိုးသားသစ်တောကြိုးဝိုင်းရဲ့ ပီလောက်ကျေးရွာပိုင်း ပီလောက်ခိ တောင်ပေါ်မှာ တရားမဝင်ရွှေတူးဖော်မှုတွေ ရှိနေကြောင်း သတင်းရတာကြောင့် အဆိုပါနေရာ တဝိုက်မှာ ၂၄ နာရီစောင့်ကြည့်နိုင်တဲ့ စီစီကင်မရာတွေ တပ်ထားခဲ့တယ်လို့ သစ်တောကြိုးဝိုင်း တာဝန်ရှိသူ နိုင်းယုဒ်ထဖုန်း ဒမ်ဆီဆုခ်က သတင်းထောက်တွေကို ပြောပါတယ်။
နိုဝင်ဘာ ၁၅ ရက် ည ၁၁ နာရီလောက်မှာတော့ လူ ၁၅ ယောက်လောက်ဟာ မြေတူးကိရိယာ တွေအပြည့်အစုံနဲ့ ကြိုးဝိုင်းနယ်မြေထဲဝင်ရောက်လာတယ်။ ည ၁၁ နာရီခွဲလောက်မှာ တာဝန် ရှိသူတွေက သူတို့ရှိတဲ့နေရာကို သွားရောက်ပြီး စစ်ဆေးမေးမြန်းဖို့ အသံပြုလိုက်ပေမဲ့ တဘက်က မှောင်ရိပ်ခိုပြီး ထွက်ပြေးခဲ့ကြတယ်၊ တာဝန်ရှိသူတွေက လိုက်ဖမ်းတာမှာ နိုင်းအော (၃၀ နှစ်)၊ နိုင်အောင် (၃၅ နှစ်)၊ ကျော်လေး (၄၄ နှစ်) နဲ့ ထွန်းလှ (၄၅ နှစ်) စတဲ့ မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသား ၄ ယောက်ကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထွက်ပြေးလွတ်မြောက်သွားသူတွေရဲ့ ပိုက်ဆံအိတ်နဲ့ မြန်မာမှတ်ပုံတင်တွေရော၊ ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ တူရွှင်း၊ ပေါက်ပြား၊ ဂေါ်ပြား၊ တူ၊ ရွှေကျင်လင်ပန်း၊ သံချွန်တွေ၊ ထိုင်းနိုင်ငံထုတ် ပြောင်းရှည်တူမီးသေနတ် ၁ လက်နဲ့ 22 LR ကျည်ဆန်အတောင် ၂၀၊ လက်ကိုင်ဖုန်း ၉ လုံး၊ စကားပြောစက် ၂ လုံး၊ လက်နှိပ်ဓာတ်မီး ၁၁ လက်၊ မိုးကာအိပ်ယာလိပ် ၉ ခု စတဲ့ ပစ္စည်းတွေအပြင် မြန်မာငွေကြေးအချို့ပါ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက ဖမ်းဆီးရမိသူ ၄ ယောက်ကို ပီလောက်နယ်မြေရဲစခန်းသို့ ဖမ်းခေါ်သွားပြီး နယ်မြေကျူးကျော်မှု၊ တရားမဝင်ရွှေတူးဖော်မှု၊ သစ်တောသယံဇာတပျက်စီးစေမှု စတဲ့စွဲချက်တွေနဲ့ အရေးယူသွားမယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
Source - Kanchanaburi News


