Home
ဆောင်းပါး
မြန်မာ့နှစ်ရှည်ပဋိပက္ခ၏ အကြောင်းတရားများ ယုံကြည်မှုတည်ဆောက်ခြင်းနှင့် စုပေါင်းအင်အား
DVB
·
November 16, 2025

မြန်မာနိုင်ငံ၏ ပဋိပက္ခများသည် နှစ်ပေါင်း ၇၀ ကျော်ကြာ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး လက်ရှိ တရားမဝင် စစ်အာဏာလုယူမှုနောက်ပိုင်း ပိုမိုပြင်းထန်လာခဲ့သည်။ ပဋိပက္ခများသည် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အကြောင်းတရားများမှတဆင့် ပေါင်းစည်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့အပြင် ပဋိပက္ခများကြောင့် လူဦးရေ ၃ သန်းကျော်သည် ရွှေ့ပြောင်းဒုက္ခသည်များအဖြစ် ဖန်တီးပေးခဲ့ပြီး စီးပွားရေးကျဆင်းမှုကြောင့် ဒေါ်လာ ၉၃ ဒသမ ၉ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြရသည်ဟု သိရသည်။

မြန်မာ့ပဋိပက္ခများ၏ ဇာစ်မြစ်အကြောင်းတရားများသည် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးမှ စတင်လာခဲ့သည်။ ဗြိတိသျှတို့သည် ပြည်တွင်းရှိ တိုင်းရင်းသားလူမျိုးစုများကို “ခွဲခြားအုပ်ချုပ်ရေး” (Divide and Rule) နည်းဖြင့် အုပ်ချုပ်ခဲ့ပြီး ယုံကြည်မှုတည်ဆောက်ရန် ခက်ခဲသည့် အခြေအနေတရပ်ကို ဖန်တီးပေးခဲ့သည်။ ထို့အပြင် နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့သည့် မြန်မာ့ရေခံမြေခံဖြစ်သည့် မြန်မာ့လူမှုနိုင်ငံရေးဓလေ့ကြောင့်လည်း ယုံကြည်မှုတည်ဆောက်ရန် ပို၍ အလှမ်းဝေးသွားစေခဲ့သည်။ မြန်မာ့လူမှုနိုင်ငံရေးတန်ဖိုး၏ ပြုပြင်စီရင်ပေးမှုကြောင့်ပင် ဖြစ်သည်။

ဒီနေရာတွင် လူမှုနိုင်ငံရေးတန်ဖိုးနှင့်ပတ်သက်၍ မှီငြိမ်းကိုးကားရှင်းလင်းလိုသည်။ လူမှုနိုင်ငံရေးတန်ဖိုးဆိုသည်မှာ တိုင်းပြည်နိုင်ငံတခုနှင့် နိုင်ငံရေးဓလေ့နှင့် လူမှုရေးဓလေ့ကို ဆိုလိုခြင်း ဖြစ်သည်။ တိုင်းပြည်တခုရဲ့ နိုင်ငံရေးဓလေ့ (political culture) သည် အဆိုပါတိုင်းပြည်၏ ဖြတ်သန်းလာခဲ့သည့် နိုင်ငံရေးဓလေ့နှင့် နီးနီးကပ်ကပ်ဆက်စပ်နေသည်။ တိုင်းပြည်တခုရဲ့ လူမှုဓလေ့ဟူသည်လည်း အဆိုပါတိုင်းပြည်ရဲ့ စီးပွားရေးဘဝ၊ လူမှုဘဝနှင့် ယဉ်ကျေးမှုဘဝများဖြင့် ပတ်သက်ဆက်ယှက်နေသည်။ နှစ်ခုပေါင်းလိုက်ခြင်းသည် လူမှုနိုင်ငံရေးတန်ဖိုး (Social Politic Values) ဟု ခေါ်ဆိုခြင်းဖြစ်သည်။

မြန်မာ့နိုင်ငံရေးဓလေ့သည် အရိုင်းဆန်လှပေသည်။ မယုံကြည်မှုကို အခြေခံသည့် စဉ်းစားချက်နှင့် အစွန်းရောက်စံနှုန်းများဖြင့် တိုင်းတာလေ့ရှိကြသည်။ မြန်မာ့နိုင်ငံရေးဓလေ့သည် နိုင်ငံရေးကို အကြောက်တရားဟု ယုံကြည်ထားကြသည်။ ထို့ကြောင့် နိုင်ငံရေးနှင့် ပါဝင်ပတ်သက်လိုစိတ် နည်းပါးသည်။ နိုင်ငံရေးဟူသည် မင်းဧကရာဇ်၊ အစိုးရ၊ အာဏာပိုင်များနှင့်သာ သက်ဆိုင်ပြီး ပြည်သူများ နှင့် သက်ဆိုင်သည့်အရာမဟုတ်ဟူသည့် အတွေးအခေါ်ဖြင့် မြန်မာ့နိုင်ငံရေးတလျှောက် ဖြတ်သန်းလာကြခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာ့စကားပုံတွင် “ကိုယ့်ဒူးတောင် ကိုယ်မယုံနဲ့” ဟူသည့် စကားပုံသည် မိမိကိုယ်တိုင်သည်တောင် ခန္ဓာကိုယ်အပေါ်ပိုင်းနှင့်အောက်ပိုင်း မယုံကြည်နိုင်ကြကြောင်း ထောက်ပြနေသည်။ ထို့ကြောင့်      အခြားလူပုဂ္ဂိုလ်၊ အစုအဖွဲ့များအားယုံကြည်ရန် အတော်ကြိုးစားကြရပေမည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးစံတန်ဖိုးသည် နိုင်ငံရေးသည် မိမိနှင့်မဆိုင်၊ ကိုယ်တိုင်လည်းမယုံ၊ ဘယ်သူမှ မယုံ ဟူသည့် အလေ့အထဖြင့် နေသားကြလာခြင်းဖြစ်သည်။ ထို့ကြောင့်ပင် စုံလင်ကွဲပြားမှုကို မတူခြင်းဟု အနက်အဓိပ္ပာယ်ဖွင့်ကာ လက်မခံနိုင်ခြင်း၊ မယုံကြည်ခြင်းများ ဖြစ်ရပေသည်။

ထို့အပြင် မြန်မာ့နိုင်ငံရေး စံတန်ဖိုး၏ ပြုပြင်ရမည့်အချက်တခုသည် အစွန်းရောက်ကျင့်စဉ် (Radical Trends) ကို လက်ခံနေကြခြင်းဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် မိတ်ဖြစ်ဆွေဖြစ် နိုင်ငံရေးထက် မိတ်ပျက်ရန်ဘက် နိုင်ငံရေးကပိုများသည်။ မိတ်ဆွေဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ရန်သူဖြစ်ဟူသည့် အစွန်းရောက်ကျင့်စဉ်အထိုင်မှ တွေးကြသည်၊ ပြောကြသည်၊ လုပ်ကြသည်။ အဆိုပါအစွန်းရောက်ကျင့်စဉ်သည် ဒီမိုကရက်တိုက်ဇေးရှင်းလမ်းကြောင်းမှ နောက်ကြောင်း ပြန်လှည့်စေသည့် အဓိကအချက်ဖြစ်သည်။ ယုံကြည်ရာစုံလင်ကွဲပြားခြင်းသည် ပြဿနာ မဟုတ်ပေ။ အတွေးအခေါ်ကွဲပြားခြင်းသည် ပဋိပက္ခမဟုတ်ပါချေ။ လူတိုင်းသည် မိမိတို့၏ ယုံကြည်ရာ၊ အတွေးအခေါ်၊ စဉ်းစားချက်များကို လွတ်လပ်စွာ တင်ပြဖော်ထုတ်ခွင့်ရှိရမည် ဖြစ်သည်။ အဆိုပါအခြေအနေသည် မည်သူတဦးတယောက်ကမျှ ပေးအပ်ထားခြင်းမျိုး၊ ကန့်သတ်ရနိုင်သည့် အခြေအနေမျိုးမရှိပါ။ အဘယ့်ကြောင့်ဆိုသော် လူဟုသတ်မှတ်ထားသည့် လူတိုင်း၏ မွေးရာပါအခွင့်အရေးဖြစ်သည်။ သို့သော် မြန်မာ့နိုင်ငံရေး စံတန်ဖိုးသည် အဆိုပါစုံလင်ကွဲပြားမှုကို လက်ခံရန်ပင် အခွင့်အရေးနည်းပါးနေသည်။ စစ်တပ်သည် “ရေပါတာလိုချင်သည်၊ ရေဘူးပေါက်တာ မလိုချင်” ဟူသည့် အမိန့်အာဏာစကားရပ်ကို မိမိတို့ ဒီမိုကရေစီတည်ဆောက်ရေးလုပ်သားများသည် လက်မခံကြပေ။ သို့သော် မိမိတို့ကိုယ်တိုင်သည်ကော ရေမပါပဲ ရေဘူးချည်းသက်သက် ယူလာပါကလည်း လက်ခံနိုင်အောင် ကြိုးစားပြောင်းလဲကြရပေမည်။ ငါတို့ညောင်ပင်က နတ်ကွန်းက     ပိုအစွမ်းထက်သည်။ ဒါ့ကြောင့် ငါတို့နတ်ကွန်းသာ ကိုးကွယ်ရမည်။ ငါတို့တရားသည်သာ မှန်သည်။ ဟိုဘက်ရပ်ကွက်က တရားသည် မှားနေသည်။ ဒါ့ကြောင့် ဟိုဘက်တရားသွားနားထောင်ရင် “မင်းက ဒလန်၊ မင်းက သူလျို၊ မင်းကဖောက်ပြန်ရေးသမား” ဟူ၍ ရန်ငါပြတ် ရန်သူဇာတ်သွင်းလိုက်ခြင်းသည် မည်သူ့အတွက် အကျိုးရှိပါလိမ့်မည်နည်း။ စဥ်းစားချိန်တန်ပြီဖြစ်သည်။ သဘောထားကြီး ပေးခြင်းသည် ယုံကြည်မှုတည်ဆောက်ခြင်း၏ အခြေခံဖြစ်သည်။ စုံလင်သည့် လူမျိုးများဖြင့် ဖွဲ့စည်းထားသည့် ဒီနိုင်ငံတွင် စုံလင်သည့် အတွေးအခေါ်၊ အယူဝါဒနှင့် ယုံကြည်မှုများ ဖြစ်ထွန်းနေကြမည်မှာ အရှိတရားဖြစ်သည်။ အဆိုပါ အရှိတရား၏ နောက်ကွယ်တွင် အကြောင်းပြချက်တို့လည်း ရှိနိုင်ပေလိမ့်မည်။ အဆိုပါ အကြောင်းပြချက်များသည် လက်သင့်ခံနိုင်သည့် အကြောင်းပြချက် ဖြစ်ကောင်းဖြစ်နိုင်မည်။ ဖြစ်ချင်မှလည်း ဖြစ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ထိုအကြောင်းပြချက်များကို ရှေးဦးစွာ နားထောင်နိုင်ဖို့လိုသည်။ သဘောထားကြီးစွာဖြင့် နားထောင်ပေးတတ်ရန်လိုသည်။ ထိုသို့ သဘောထားကြီးခြင်း အလျင်းမရှိပါဘဲတယူသန်အစွန်းရောက် ဆုပ်ကိုင်ထားခြင်းသည် ဒီမိုကရေစီ၏ အနက်အဓိပ္ပာယ်နှင့် ကွဲလွဲနေကြဦးမည်သာဖြစ်သည်။

အဓမ္မဘက်ရပ်နေသူ ဖြစ်ပါစေ၊ ဓမ္မအတွက် တိုက်ပွဲဝင်နေကြသူဖြစ်ပါစေ၊ ထိုသူတို့တွင် အကြောင်းပြချက် ကိုယ်စီရှိကြပေလိမ့်မည်။ ထိုအကြောင်းပြချက်ကို ဖော်ပြနိုင်ရန် လမ်းစဖွင့်ပေးခြင်းနှင့် အခွင့်အလမ်းဖန်တီးပေးခြင်းသည် တွေ့ဆုံဆွေးနွေးရေးဖြစ်သည်။ ဒီမိုကရေစီဟူသည် နိုင်ငံရေးနည်းလမ်းကို ကျောထောက်နောက်ခံပြုထားသည့် ကျင့်စဉ် (တနည်း) ဆွေးနွေး၍ မိတ်ဘက်ကို ရှည်စေသည့် နည်းနာဖြစ်သည်။ အစွန်းရောက်တယူသန်ခြင်းသည် မိတ်ဘက်ကို ရန်ဘက်အဖြစ် ပြောင်းလဲခြင်းဖြစ်သည်။ ဓမ္မကို ယုံကြည်လျှင် မိတ်ဘက်ကို ကြိုဆိုလိုလားကြရမည်ဖြစ်သည်။ ထို့အပြင် ဒီမိုကရေစီလုံးဝမရှိသည့် အခြေအနေမှ ဒီမိုကရေစီတည်ဆောက်ခိုင်မာသည့် အခြေအနေဖြစ်သည့် ဒီမိုကရက်တိုက်ဇေးရှင်းလုပ်ငန်းစဉ်တွင် အဓိကကျသည့် ပြဿနာသည် တွေ့ဆုံဆွေးနွေးရေးထက် အမြစ်ပြတ်ရေး အားသန်နေကြခြင်းဖြစ်သည်။ (ဤနေရာတွင် တွေ့ဆုံဆွေးနွေးရေးဟူသည် ပဋိပက္ခ၏ အကြောင်းအရင်းများထဲမှ တခုဖြစ်သည့် တရားမဝင်အာဏာလုစစ်တပ်နှင့် တွေ့ဆုံဆွေးနွေးရေးကို ဦးစားပေးရည်ညွန်းခြင်း မဟုတ်ပေ)။ ဒီမိုကရေစီပြန်လည်တည်ဆောက်ရေးအတွက် ကြိုးပမ်းနေကြသည့် စုံလင်ကွဲပြားသည့် အင်စတီကျူးရှင်းများအကြား ပဋိပက္ခများ၊ စိန်ခေါ်မှုများအတွက် အလျင်အမြန် တွေ့ဆုံဆွေးနွေး၍ ပြဿနာကို အမြစ်ပြတ်ဆောင်ရွက်ဖို့ လိုအပ်သည်။ အမြစ်ပြတ်ကြရမည်မှာ ပြဿနာသာဖြစ်ပြီး မိမိတို့နှင့် စုံလင်ကွဲပြားသည့် အတွေးအခေါ်၊ အယူအဆနှင့် ဆောင်ရွက်ချက်မတူညီသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် အင်စတီကျူးရှင်းများ မဟုတ်ဖို့လိုသည်။ ထို့ကြောင့် ဒီမိုကရေစီတည်ဆောက်ရေး၊ စစ်သုံးစစ် အမြစ်ပြတ်ရေးအတွက် ဘုံရည်မှန်းချက်တူဆောင်ရွက်နေကြသည့် မည်သည့်တော်လှန်ရေး အဖွဲ့အစည်းများနှင့်မဆို လက်တွဲလုပ်နိုင်ကြရမည်။ ထို့မှသာ ယုံကြည်မှု တည်ဆောက်နိုင်မည် ဖြစ်သည်။

ယုံကြည်မှုဟူသည် အချင်းဝက်နှင့်တူသည်။ စက်ဝိုင်းဟူသည် အလုပ်ဖြစ်ရေး၊ အလုပ်ပြီးရေးဖြစ်သည်။ အချင်းဝက်ရှည်လေလေ စက်ဝိုင်းပိုကြီးလေလေဖြစ်သည်။ တနည်း ယုံကြည်မှုရှည်လေလေ အလုပ်ပိုဖြစ်လေလေဖြစ်သည်။ အချင်းဝက်တိုတိုဆိုလျှင် စက်ဝိုင်းသေးသေးသာ ရရှိမည်ဖြစ်ပြီး အချင်းဝက်မရှိလျှင် စက်ဝိုင်းလည်း ဖြစ်လာစရာမရှိနေပေ။ ထို့ကြောင့် ယုံကြည်မှုသည် အရေးကြီးသည်။ ယုံကြည်မှုတည်ဆောက်ရန် သဘောထားကြီးပေးနိုင်ဖို့လိုသည်။ ထို့မှသာ ဘုံရည်းမှန်းချက်အတွက် အလုပ်ပိုလုပ်နိုင်မည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ယုံကြည်မှုအနည်းဆုံးကို ပြပါဆိုလျှင် မာဖီးယားဂိုဏ်းများ၏ ယုံကြည်မှုဖြစ်သည်။ သားအဖချင်းသည်ပင်လျှင် ယုံကြည်၍ မရပေ။ သို့သော် မာဖီးယားယုံကြည်မှုထက် ပို၍တိုသည့် အခြေအနေသည် မြန်မာ့လူ့အဖွဲ့အစည်း၏ နိုင်ငံရေးဓလေ့မှ ပြုပြင်ပေးသည့် ယုံကြည်မှုဖြစ်သည်။ အဆိုပါ နိုင်ငံရေးဓလေ့ကို ယနေ့ နွေဦးတော်လှန်ရေးတွင် ကျွန်ုပ်တို့ ပြောင်းလဲဖြစ်နိုင်မှ ဖြစ်မည်။ ယုံကြည်မှုနည်းပါးခြင်း (သို့မဟုတ်) မရှိခြင်းသည် အာဏာရှင်စနစ်၏ ရေခံမြေခံ အကြောင်းအရင်းဖြစ်သည်။ အဆိုပါအကြောင်းအရင်းကို သဘောထားကြီးမှု၊ နားထောင်နိုင်မှု၊ စုံလင်ကွဲပြားမှုကို လက်ခံနိုင်မှုတို့ နှင့် အစားထိုးနိုင်ခြင်းသည် ဒီမိုကရေစီအခြေခံ ကျင့်စဉ်ကို ကျင့်သုံးတည်ဆောက်ပြီးသား ဖြစ်ပါလိမ့်မည်။

ယုံကြည်မှုတည်ဆောက်ခြင်းသည် အင်အားတရပ်ဖြစ်သည်ကို နားလည်သဘောပေါက်ဖို့ လိုသည်။ ယုံကြည်မှုသည် လူမှုဆက်ဆံရေး၊ အဖွဲ့အစည်း၊ စီးပွားရေးနှင့် နိုင်ငံရေးအပါအဝင် လူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ယုံကြည်မှုမရှိလျှင် ပူးပေါင်းဆောင်ရွက်မှု၊    ထိရောက်သော ဆုံးဖြတ်ချက်ချမှုနှင့် ရေရှည်အောင်မြင်မှုများသည် အားနည်းသွားပေလိမ့်မည်။ ယုံကြည်မှုတည်ဆောက်ရာတွင် အမှန်တရားကို ပြောဆိုခြင်း၊ အမှားရှိလျှင် ဝန်ခံခြင်း၊ သတင်းအချက်အလက် မျှဝေခြင်းဟူသည့် ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှုအား ကျင့်သုံးကြရန် အရေးကြီးသည်။ ထို့အပြင် ကတိတည်ခြင်း၊ အချိန်မီဆောင်ရွက်ခြင်းဟူသည့် ယုံကြည်နိုင်မှုကို ပြသနိုင်ရန်လိုပေသည်။ ထို့အပြင် အခြားသူ၏ စုံလင်ကွဲပြားသည့် ခံစားချက်၊ အတွေးအမြင်ကို လေးစားနားလည်ခြင်းဟူသည့် စာနာနားလည်မှုရှိရန် လိုအပ်သည်။ ဘက်လိုက်မှုမရှိ တန်းတူမျှတစွာ ဆက်ဆံခြင်းဟူသည့် တရားမျှတမှု၊ မိမိတို့၏ အားနည်းချက်ကို သိရှိရန် ကြိုးပမ်းခြင်းနှင့် ဝေဖန်အကြံပြုချက်များကို အခွင့်အလမ်းအဖြစ် ရူမြင်တတ်ခြင်းဟူသည့် အားနည်းချက်များကို မျှဝေနိုင်ခြင်းနှင့် ရေရှည်အမြင်၊ အမြော်အမြင်ရှိရှိ ဆက်ဆံရေးအတွက် ထည့်သွင်းစဉ်းစားနိုင်ခြင်း စသည့် အကြောင်းတရားများသည် ယုံကြည်မှုတည်ဆောက်ခြင်း၏ လိုအပ်ချက်များဖြစ်သည်။

ယုံကြည်မှုတည်ဆောက်ခြင်းသည် အပေါ်ယံတည်ဆောက်ခြင်းမျိုး (ဥပမာ- နွေဦးတော်လှန်ရေးသည် တိုင်းရင်းသားများနှင့် ဗမာအကြား ယုံကြည်မှုကို တိုးပွားခဲ့သည့် အခြေအနေသာဖြစ်ပြီး အလုပ်ဖြစ်ရေးအတွက် ယုံကြည်မှုခိုင်မာရေးအတွက် ကြိုးပမ်းကြရမည်) မဖြစ်ဖို့ လိုအပ်သည်။ တနေ့၊ တနှစ်အတွင်း ယုံကြည်မှု ရရှိနိုင်မည်မဟုတ်ပေ။ ယုံကြည်မှုတခါပျက်စီးလျှင် ပြန်လည်တည်ဆောက်ရန် ခက်ခဲသည်ကို ယနေ့ အကြမ်းဖက်စစ်အုပ်စုနှင့် နွေဦးတော်လှန်ရေးအင်အားစုများ၏ ပဋိပက္ခမှတဆင့် သိရှိနိုင်ပေမည်။ ထို့ကြောင့် ယုံကြည်မှုမှသည် စုပေါင်းအင်အားဖြစ်ပေါ်လာနိုင်ရန် အခွင့်အလမ်းများစွာရှိနိုင်သည်ကို မမေ့ဖို့လိုသည်။ ယုံကြည်မှုသည် လူတယောက်၏ စိတ်နှလုံးထဲတွင် ကိန်းအောင်းနေသည့် မီးပွားတပွင့်ဖြစ်ပြီး စုပေါင်းအင်အားသည် ထိုမီးပွားများ စုစည်းရာမှ ဖြစ်ပေါ်လာသည့် တောမီးလို အရှိန်အဟုန်နှင့် အားကောင်းလာနိုင်ကြောင်း နားလည်ဖို့လိုသည်။ ထို့အပြင် ယုံကြည်မှု တည်ဆောက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုနှင့် စေတနာအမှားများကို နားလည်ခွင့်လွှတ်ပေးနိုင်သည့် သဘောထားကြီးမှုသည်လည်း ပိုမိုခိုင်မာသည့် စုပေါင်းအင်အားတရပ် ဖြစ်လာစေနိုင်သည်။ ထို့ကြောင့် ယုံကြည်မှုတည်ဆောက်ခြင်းမှသည် အချက်အလက် စီးဆင်းမှုအားကောင်းလာနိုင်ပြီး စွမ်းရည်ဆိုင်ရာ စီးဆင်းမှု၊ အရည်အချင်း၊ ငွေနှင့်အချိန်ဟူသည့် အရင်းမြစ်ပေါင်းစည်းမှုတို့ ဖြစ်လာမည်ဖြစ်သည်။ ထိုအကြောင်းတရားများသည် ရေရှည်ခံနိုင်မှုဟူသည့် အကျိုးတရားအတွက် အထောက်အပံ့ပေးနိုင်ပြီး ပြန်လည်ထူထောင်ရာတွင်လည်း ပိုမိုမြန်ဆန်လာနိုင်မည်ဖြစ်သည်။

တော်လှန်ရေး၏ ဘုံရည်မှန်းချက်သည် ပြည်သူ့အာဏာပြန်လည်ရရှိရေးဖြစ်ပြီး ပြည်သူများ၏ အခွင့်အရေးများ၊ အကျိုးစီးပွားများ ကာကွယ်ရေးဖြစ်သည်။ ထို့အပြင် စစ်သုံးစစ်အမြစ်ဖျက်ရေးနှင့် ဒီမိုကရေစီအခြေခံသည့် နိုင်ငံသားဗဟိုပြု ဖက်ဒရယ်နိုင်ငံရေးစနစ် အကောင်အထည်ဖော်ရေးဖြစ်သည်။ အဆိုပါ ဘုံရည်မှန်းချက်များသည် မဖြစ်နိုင်သည့် အရာများ၊ မပြည့်နိုင်သည့် ဆုတောင်းရမည့် အရာများမဟုတ်ပေ။ ကျွန်ုပ်တို့တွင် အဖြေများစွာ ရှိနေသည်ကို အသုံးချတတ်ဖို့လိုသည်။ ထို့ကြောင့် မြန်မာ့နှစ်ရှည်ပဋိပက္ခ၏ အကြောင်းတရားများအား အသေးစိတ်ခွဲခြမ်းစိတ်ဖြာခြင်းဟူသည့် အကြောင်းအရာများထဲမှ အရေးတကြီးနှင့် အလျင်အမြန် ဖြေရှင်းရမည့် ယုံကြည်မှုတည်ဆောက်ခြင်းနှင့် စုပေါင်းအင်းအားဆိုင်ရာ ဆောင်းပါးအား စိတ်ရင်းမှန်မှန်၊ စေတနာသန်သန်ဖြင့် အပြုသဘောဆောင် ရေးသားတင်ပြအပ်ပါသည်။

ဂျေဆန်

(သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး DVB ၏ အာဘော်မဟုတ်ပါ။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013