Home
ဆောင်းပါး
ပြည်သူ့သမ္မတကြီးဦးဝင်းမြင့် ၇၄ နှစ်ပြည့် မွေးနေ့
DVB
·
November 8, 2025

ပြည်သူ့ဆန္ဒ၊ သမ္မတကြီး

စည်းကမ်းကြီးပေ၊ ဥပဒေသမား

အများပြည်သူ၊ အကျိုးမူလျက်

သူ့တွက်မငဲ့၊ စွန့်ခဲ့လေခြင်း

ဦးဝင်းမြင့်အား၊ မွေးဖွားခဲ့တာ

၇၄ နှစ် ရှိပါပြီ။ ။

သမ္မတကြီးဦးဝင်းမြင့်အကြောင်းကို စဉ်းစားတော့ အစီအရီ ပေါ်လာတာက “လင်းတလောက်တော့ ငှက်တိုင်းလှတယ်” ဆိုတဲ့ သူ့စကားရယ်၊ “သမ္မတအဖြစ်ကနေ နုတ်ထွက်မပေးနိုင်ဘူး အသက်အသေခံမယ်” ဆိုတဲ့စကားရယ်၊  NLD က နုတ်ထွက်ရင် ကားပါမစ်တွေ ငွေကြေးတွေ၊ အိမ် ခြံမြေတွေပေးမယ်ဆိုတာကို ငြင်းဆိုခဲ့ပြီး ထောင်ထဲမှာ တိုက်ပိတ်ခံခဲ့တာရယ်၊ သူ့သမီး မင်္ဂလာဆောင်ကို ခမ်းခမ်းနားနား မလုပ်ရဘူး၊ လုပ်ရင်လည်း လက်ဖွဲ့ငွေ၊ ပစ္စည်း လုံးဝ လက်မခံရဘူးဆိုတဲ့ သူ့ဆုံးဖြတ်ချက်ရယ်၊ သူ့ရဲ့ သမ္မတတာဝန် နိုင်ငံခြားခရီးစဉ်မှာ အမေရိကန်ဒေါ်လာ ၃၀၀ သုံးခွင့်ရှိတာကို ဒေါ်လာ ၃၀ ပဲ သုံးခဲ့တာရယ်၊ နိုင်ငံတော်သမ္မတ၊  လွှတ်တော်ဥက္ကဋ္ဌ စတဲ့ အစိုးရတာဝန်ကြီးတွေ လက်ဝယ်ရှိခဲ့တာတောင် ကိုယ်ပိုင်အိမ် ပိုင်အောင် မဖန်တီးခဲ့ပဲ အစိုးရအိမ်နဲ့ အငှားအိမ်တွေမှာသာ နေထိုင်ခဲ့တာရယ် စတာတွေ ဖြစ်ပါတယ်။

လာဘ်မစားခဲ့၊ ဂွင်မဖန်ခဲ့၊ ကိုယ်ကြိုးမကြည့်တဲ့ နိုင်ငံရေးသမား၊ ရှေ့နေ၊ ဥပဒေသမား၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄ ထပ်ကွမ်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ သမ္မတကြီး ဦးဝင်းမြင့်ပါ။

မွေးနေ့ရှင်မပါသောမွေးနေ့ 

ဟိုရှေးကသို့၊ ဆယ်ဖို့တဖို့

ပြည်သူတို့က၊ စုရွေးကြတဲ့

သမ္မတမင်း၊ ဦးဝင်းမြင့် ရဲ့

၇၄ လီ၊ မွေးနေ့သည်ကား

စုပေါင်းအားဖြင့် ကျင်းပကြမည်တကား။ ။

ဦးဝင်းမြင့်ဟာ အခုအခါ တောင်ငူထောင်မှာ ဒါမှမဟုတ် စစ်တပ်က ထားတဲ့ တခြားနေရာတခုမှာ မတရား အကျဉ်းချခံထားရပါတယ်။ ဒါကြောင့် သူ့မွေးနေ့ နိုဝင်ဘာလ ၈ ရက် စနေနေ့မှာ သူ့အတွက် ၇၄ နှစ်ပြည့် မွေးနေ့ပွဲတွေကို စုပေါင်း ကျင်းပပေးကြပါ။

၁၀ ဦးမြောက် သမ္မတကြီး ဦးဝင်းမြင့် 

ဦးဝင်းမြင့်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့  ဆယ်ဦးမြောက် နိုင်ငံတော်သမ္မတကြီး ဖြစ်သလို နိုင်ငံရေးသမား ရှေ့နေတဦးဖြစ်ပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ၂၀၁၆ ဖေဖော်ဝါရီ ၁ ရက် ကနေ  ၂၀၁၈ မတ်လ ၂၁ ရက် အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဦးဝင်းမြင့်ကို ၁၉၅၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်က ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာမှာ မွေးခဲ့တယ်။ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်က ဘူမိဗေဒဘာသာရပ် သိပ္ပံဘွဲ့နဲ့ H.G.P., R.L တို့ကို ရရှိခဲ့တယ်။ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိ NLD ဒုဥက္ကဋ္ဌ ပါ။

အမတ် ၄ ထပ်ကွမ်း 

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်အမတ်အဖြစ် မဲအရေအတွက် ၂၀,၃၈၈ (၅၆ ရာခိုင်နှုန်း) အနိုင်ရခဲ့တယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ပုသိမ်မြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရတယ်။ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာလည်း တာမွေမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂ ကြိမ်ရွေးချယ်တင်မြှောက်ခံရတယ်။ ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခံရခဲ့ရပြီး ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နုတ်ထွက်ခဲ့တယ်။ သမ္မတ ဦးထင်ကျော် နုတ်ထွက်ပြီးနောက် ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့ သမ္မတ ရွေးချယ်တင်မြှောက်က်ပွဲမှာ မဲအများဆုံးရရှိပြီး သမ္မတဖြစ်လာတယ်။

"လင်းတလောက်က၊ ငှက်တိုင်းလှ"သော 

သူ့အပြောမှန်၊ တို့ထောက်ခံခဲ့၏။

ဦးဝင်းမြင့်ဟာ သမ္မတမဖြစ်ခင်ကတည်းက မှန်ရာကို ပြတ်သားစွာ ထောက်ပြ ပြောဆိုတတ်သူပါ။ DVB Debate ရုပ်သံအစီအစဉ်တခုမှာ ကြံ့ဖွံ့ပါတီဘက်က ဆွေးနွေးသူက သမ္မတဟာ စစ်ရေးအမြင် ရှိရမှာမို့ NLD မှာ သမ္မတလုပ်နိုင်သူ ရှိသလားလို့ မေးခဲ့တယ်။ ဦးဝင်းမြင့်က အာဏာရှင်ပါတီမှာဆို ကြိုက်တဲ့လူကို ခေါင်းခေါက် ရွေးတယ်။ ဒီမိုကရေစီ ပါတီတွေမှာတော့ CEC ဆုံးဖြတ်ချက်နဲ့ ရွေးပါတယ်။ သမ္မတ လုပ်နိုင်သူ ရှိသလားဆိုရင်တော့ “လင်းတလောက်တော့ ငှက်တိုင်းလှပါတယ်” လို့ ပြောခဲ့ပါတယ်။

သတ်ရင်သတ်လိုက်၊ စစ်တပ်သဘော မလိုက်လျောပါ၊ အသေသာခံမည်

စစ်တပ်အာဏာသိမ်းတဲ့နေ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မနက်မှာ သမ္မတ ဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြ နုတ်ထွက်ပေးဖို့ စစ်တပ်က သူ့ရဲ့ သမ္မတအိမ်တော်မှာ လာပြောတယ်။ နုတ်ထွက် မပေးနိုင်ဘူးလို့ ပြန်ဖြေတော့ နုတ်မထွက်ပေးရင် ပုဂ္ဂိုလ်ရေးအရ ထိခိုက်မှု ရှိနိုင်တယ်လို့ ဆိုပြီး ပြောခဲ့တယ်။ အဲ့သည်ကတည်းက ဦးဝင်းမြင့်ကို ဖမ်းသွားပြီး နောက် ၈ လအကြာ အောက်တိုဘာ  ၁၂ ရက် တရားခွင်မှာကျမှ ဦးဝင်းမြင့်က အခုလို ထွက်ဆိုသွားပါတယ်။

''၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် မနက် ၅ နာရီ ဦးဝင်းမြင့် အခန်းထဲကို ဗိုလ်ချုပ်ကြီး ၂ ဦးဝင်လာတယ်။ ကျန်းမာရေး အကြောင်းပြပြီး နုတ်ထွက်ပေးဖို့ပြောတယ်။ အဲဒီတော့ သူက ကျန်းမာရေး ကောင်းတဲ့အတွက် နုတ်ထွက်မပေးနိုင်ဘူးလို့ ပြောခဲ့တယ်။ အဲဒီလို ပြန်ပြောတဲ့အခါမှာ ပုဂ္ဂိုလ်ရေး ထိခိုက်မှုရှိနိုင်တယ်ဆိုပြီး သူ့ကို ပြောတယ်။ ဦးဝင်းမြင့်ကလည်း ပုဂ္ဂိုလ်ရေးအရ ထိခိုက်မယ်ဆိုလည်း မတတ်နိုင်ဘူး၊ မင်းတို့ငါ့ကို သတ်ရင်သတ်လို့ ပြောခဲ့တယ်တဲ့။'ဒါကတော့ သမ္မတကြီး ဦးဝင်းမြင့်ရဲ့ ရှေ့နေတွေက သတင်းဌာနတွေကို ပြန်ပြောပြခဲ့တာတွေပါ။

မအလ စစ်တပ်ဟာ ၁၉၅၉ ခုနှစ်ကလည်း ဗိုလ်ချုပ်ကြီး မောင်မောင်ကို လွှတ်ပြီး ဝန်ကြီးချုပ် ဦးနုထံက အာဏာကို အခု ဦးဝင်းမြင့်ဆီမှာ တောင်းသလိုပဲ တောင်းခဲ့ပါတယ်။ ၁၉၅၉ မှာ ဝန်ကြီးချုပ် ဦးနုက လွယ်လွယ်နဲ့ ပေးခဲ့ပေမဲ့ အခု ၂၀၂၁ မှာတော့ သမ္မတကြီး ဦးဝင်းမြင့်က မပေးခဲ့တော့ စစ်တပ်ဟာ အခုအထိ အခက်တွေ့နေရတာပေါ့။ သမ္မတကြီး ဦးဝင်းမြင့်ရဲ့ ကျေးဇူးကြီးပေစွ။

ဦးဝင်းမြင့်အတွက် မွေးနေ့ ဂုဏ်ပြုကဗျာများ

74 အားမာန် 

မညွတ်ဦးခေါင်း

ခွပ်ဒေါင်းစိတ်ဓာတ်

ခေါင်းမတ်မတ်ထောင်

အတောင်မချ

ဇွဲမကျဘူး

နွေအကူးမှာ

နွေဦးအိုးဝေတွန်နေသူ။ ။

(ဘမိုးမြင့်) 

သမ္မတကြီးဦးဝင်းမြင့် သက်ရှည်ကျန်းမာဘေးရန်ကွာပါစေ

မသေဆေးမြိုချထားသူ 

အမှန်တရား

ဓားမိုးအောက်

ဘယ်ပျောက်နိုင်လိမ့်

အသက်သာ ယူချင်ယူသွားတဲ့

ဒါ…. ငါတို့ သမ္မတ။ ။

(ဆလိုင်းဇုန်) 

၀၆-၁၁- ၂၀၂၅

သမ္မတကြီးဦးဝင်းမြင့် ၇၄ နှစ်ပြည့်မွေးနေ့သို့

သမ္မတကြီးဦးဝင်းမြင့်အတွက်ကဗျာ 

ရှစ်လေးလုံးနှင့် ထောင်နံရံကို

ရင်ဆိုင်ကျော်ဖြတ်

သတ္တိကြီးသူ သူရဲကောင်းကြီးကား

၇၄ နှစ်တာ ခရီးရောက်ရှိခဲ့ပြီ။

မုန်တိုင်းကြားမှာ သစ္စာထားကာ

ခိုင်မာခြင်းနှင့် ရဲရင့်ခြင်းကို

ပေါင်းစပ်ထားသူ သမ္မတကြီး

မွေးနေ့ချိန်ခါ သမယမှာ

ငြိမ်းအေးချမ်းသာ သက်ရှည်ကာ

ရောဂါဘယ ကင်းရှင်းပါစေ။

သစ္စာတရား လက်ကိုင်ထားကာ

ပြည်သူအတွက် ရဲရင်ခဲ့သူ

သမ္မတကြီးအား

တရားစောင့်နတ်မှ စောင့်ရှောက်ပါစေ။

ရောင်နီပွင့်လင်း အောင်ချိန်နီး၍

ထောင်အုတ်ရိုးမှ

မြန်စွာလွတ်မြောက်ပါစေသားဟု

ပြည်သူအများက

တောင်းဆုပြုလိုက်ပါလေ၏။ ။

(ယောဟန်နောင်)

ကားပါမစ် ငွေ ခြံ မြေ မက်လုံး လုံးလုံးငြင်းသူ 

သမ္မတကြီး ဦးဝင်းမြင့်ဟာ ဓနုဖြူဇာတိပါ။ NLD မှာ လုပ်တာကြောင့် နှောင့်ယှက်မှုတွေများပြီး သူ့စီးပွား ပျက်ပါတယ်။ ဇနီးသည် ဒေါ်ချိုချိုနဲ့ သားသမီးတွေလည်း ဒုက္ခရောက်ကြတယ်။ အိမ်ရောင်းလိုက်ရသတဲ့။ NLD က ထွက်ပေးရင် ကားပါမစ်ပေးမယ် ငွေ အိမ် ခြံ လုပ်ငန်း ပေးမယ်လို့ စည်းရုံးသတဲ့။ သူက လက်မခံပါ။ ဦးဝင်းမြင့်ကို မဆိုထားနဲ့ သားသမီးတွေကိုတောင် အလုပ်မရအောင် စစ်ထောက်လှမ်းရေးက လိုက်ပိတ်သတဲ့။ ဦးဝင်းမြင်ကလည်း သမီးမင်္ဂလာဆောင်ကိုတောင် အကျဉ်း လုပ်ခိုင်းသတဲ့၊ နောက်ပိုင်းမှာ ဇနီးသည် ဒေါ်ချိုချိုက ဒေါ်အောင်ဆန်းစုကြည်ကို အကူညီတောင်းပြီး ပြောခိုင်းတော့ မင်္ဂလာဆောင်လုပ်ရပေမဲ့ လက်ဖွဲ့ပစ္စည်း လက်ဖွဲ့ငွေတွေ လုံးဝ လက်မခံရဘူးတဲ့။ သူဟာ အဂတိကို တင်းတင်းကျပ်ကျပ် ရှောင်ကျဉ်ခဲ့တာပါ။ ဒါတောင်မှ စစ်တပ်က သူ့ကို အဂတိအမှုပေါင်းများစွာနဲ့ မဟုတ်မမှန် မတရား အမှုဆင်ပြီးထောင်နှစ်ရှည် ချထားပါတယ်။ နိုဝင်ဘာ ၈ ရက် ၇၄ နှစ်ပြည့် သမ္မတကြီး ဦးဝင်းမြင့်ရဲ့ မွေးနေ့ရှင် မပါတဲ့ မွေးနေ့ပွဲတွေကို ကျင်းပကြတော့မှာပါ။ တချိန်တည်းမှာပဲ နွေဦးတော်လှန်ရေး တိုက်ပွဲအရှိန်တွေလည်း မြင့်တက်လာနေပါပြီ။ ပြည်သူ့အောင်ပွဲနဲ့အတူ သမ္မတကြီး ဦးဝင်းမြင့် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးကလည်း နီးလာပါပြီ။

ပြည်သူ့သမ္မတ၊ လွတ်မြောက်ရမည်

သူငါညီမျှ၊ တိုက်နေကြပြီ

အောင်ပွဲသည်ကားမဝေးတော့ပြီ။

ခွန်နစ်ဆယ့်လေး၊ မွေးနေ့ရက်မှာ

ဘာဝနာနှင့်၊ ကျန်းမာစေကြောင်း

ဆုမွန်တောင်းလိုက်ပါသည်တကား။ ။

မောင်တူး 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013