
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ဟမ်းဟာ ဘောလုံးအားကစားနဲ့ ဗြိတိန်လူမှုအဖွဲ့အတွက် အကျိုးပြုခဲ့တာနဲ့ ပတ်သက်လို့ ဆာဘွဲ့ ချီးမြှင့်ခံခဲ့ရပါတယ်။
ဒါဟာ အမျိုးသားဘောလုံးအားကစားကနေ ဆာဘွဲ့ချီးမြှင့်ခံရတဲ့ ၁၆ ယောက်မြောက်လည်း ဖြစ်ပါတယ်။
အသက် ၅၀ အရွယ်ရှိ ဘက်ဟမ်းဟာ ဗြိတိန် ချားလ်ဘုရင်ရဲ့ မွေးနေ့ဂုဏ်ပြုစာရင်းမှာ ဒီနှစ်အစောပိုင်းကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး နိုဝင်ဘာ ၄ ရက်က ဆုချီးမြှင့်ပွဲမှာ ဆာဘွဲ့ ချီးမြှင့်ခံခဲ့ရတာပါ။
ဘက်ဟမ်းက “ဒီထက်ပိုပြီး ဂုဏ်ယူစရာကောင်းတာမျိုး မရှိတော့ပါဘူး။ ကျနော်တို့နိုင်ငံကို ကျနော် ဘယ်လောက်ချစ်တယ် ဆိုတာကို လူတွေအားလုံး သိပါတယ်။ တော်ဝင်မိသားစုက ကျနော်တို့ မိသားစုအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ အမြဲတမ်းပြောဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဘက်ဟမ်းဟာ ဝင်ဆာရဲတိုက် အခမ်းအနားကို ဇနီးဖြစ်သူ ဗစ်တိုးရီးယားနဲ့အတူ မိဘ ၂ ယောက်နဲ့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက OBE ဘွဲ့ လက်ခံရရှိခဲ့ဖူးပြီး ဗစ်တိုးရီးယားဟာ ဒီပွဲတက်ရောက်ဖို့ ဘက်ဟမ်းရဲ့ ဝတ်စုံကို ဒီဇိုင်းဆွဲပေးခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
ဘက်ဟမ်းဟာ အင်္ဂလန်အသင်းတွက် ပွဲပေါင်း ၁၁၅ ပွဲ ကစားခဲ့သူဖြစ်ပြီး ၂၀၀၀ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
ဘက်ဟမ်းဟာ ၂၀၀၅ ခုနှစ်ကတည်းကစပြီး ယူနီဆက်ဖ်ရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့အတူ အလုပ်တွဲလုပ်ခဲ့ကာ ၂၀၁၅ ခုနှစ်ကလည်း သူ့နာမည်နဲ့ ရန်ပုံငွေ စီစဉ်ခဲ့တာက ၁၀ စုနှစ်တခုအထိ ကြာမြင့်ခဲ့ပါတယ်။
ဒါ့အပြင် ဘက်ဟမ်းဟာ ၂၀၀၃ ခုနှစ်က ဘုရင်မကြီးက ချီးမြှင့်တဲ့ OBE ဘွဲ့ ရရှိခဲ့ဖူးပါတယ်။
ဘက်ဟမ်းဟာ ၂၀၀၄ ခုနှစ်က ဗြိတိန်ဘုရင်ရဲ့ ဖောင်ဒေးရှင်းမှာ သံတမန်အဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ပညာရေးအစီအစဉ်နဲ့ လူငယ်တွေ သဘာဝကို နားလည်အောင် ဆောင်ရွက်မှုမှာ ပါဝင်ခဲ့ဖူးပါတယ်။
Source: Reuters


