Home
မြန်မာသတင်း
မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်မှုနှုန်း နှေးကွေး 
DVB
·
November 5, 2025

မြန်မာနိုင်ငံရဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍဟာ အောက်တိုဘာလမှာ တိုးတက်မှုနှုန်း နှေးကွေးသွားခဲ့တယ်လို့ S&P Global ရဲ့ အချက်အလက်ကို ကိုးကားပြီး Investing.com  မှာဖော်ပြပါတယ်။

ကုန်ကြမ်းနဲ့ အလုပ်သမားရှားပါးမှုတွေကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်မှု နှေးကွေးခဲ့ပြီး မြန်မာ့စီးပွားရေးလုပ်ငန်းတွေအပေါ် ယုံကြည်မှုဟာလည်း ၁၀ လအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ပါတယ်။

ကုန်ထုတ်လုပ်မှုဟာ ကုန်ကြမ်းရှားပါးမှုလို့ ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် အကန့်အသတ်နဲ့ပဲ တိုးတက်ခဲ့တဲ့အပြင် အလုပ်သမားရှားပါးမှု ပြဿနာတွေလည်း ကြုံတွေ့ခဲ့ရပြီး အလုပ်အကိုင်ခန့်အပ်မှုမှာ ဖေဖော်ဝါရီလနောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။

S&P Global Market Intelligence မှ စီးပွားရေးပညာရှင် မာယမ်ဘလန့်ချ်က "၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်ဟာ ပထမနှစ်ဝက်ထက် ပိုမိုကောင်းမွန်လာဖို့ ပုံပေါ်နေပါတယ်။ ဒါပေမဲ့ ကုန်ကြမ်းနဲ့ အလုပ်သမားရှားပါးမှုတွေကြောင့် ဝယ်ယူမှုတွေ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ဒါ့ကြောင့် လက်ကျန်ပစ္စည်းတွေနဲ့ ထုတ်လုပ်နိုင်စွမ်းအပေါ် ဖိအားတွေ ဆက်ရှိနေပြီး ဈေးနှုန်းဖိအားတွေလည်း ပိုမိုပြင်းထန်လာပါတယ်" လို့ ပြောပါတယ်။

စစ်တမ်းဖြေဆိုသူတွေရဲ့  အဆိုအရ တခြားနေရာတွေမှာ ပိုမိုကောင်းမွန်တဲ့ ငွေကြေးအခွင့်အလမ်းတွေရှိနေတာ ဝန်ထမ်းတွေ နေရပ်ပြန်ကြတာတွေကြောင့်လည်း လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားတွေကို  ထိန်းထားဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

စက်ရုံတိုးချဲ့တာနဲ့ ကုန်ပစ္စည်းအမျိုးအစားတွေ တိုးမြှင့်ထုတ်လုပ်ဖို့ အကောင်းမြင်မှုတွေရှိနေပေမဲ့  ကုန်ကြမ်းရှားပါးမှုနဲ့ ဈေးကွက်မတည်ငြိမ်မှုဆိုင်ရာ စိုးရိမ်မှုတွေက ယုံကြည်မှုကို လျော့ကျစေခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုန်ကြမ်းရှားပါးမှုကြောင့် ကုန်ပစ္စည်းတွေပေးသွင်းချိန် ကြာမြင့်ခဲ့ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်တွေကလည်း သိသိသာသာ မြင့်တက်လာပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါတယ်။

ဒီအခြေအနေကြောင့် ကုန်ထုတ်လုပ်သူတွေက စက်ရုံထုတ်ဈေးနှုန်းတွေကို မတ်လနောက်ပိုင်း အမြင့်ဆုံးနှုန်းနဲ့ တိုးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေးအပါအဝင်  ပြည်ပက သွင်းကုန်တွေကို  ကန့်သတ်လိုက်တာကြောင့် ပြည်တွင်းက ကုန်ထုတ်လုပ်ငန်းတွေအတွက် ကုန်ကြမ်းရှားပါးမှုတွေနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ လုပ်ခလစာ နည်းပါးမှုတွေကြောင့်လည်း အလုပ်လုပ်နိုင်တဲ့ လူငယ်လူရွယ်တွေဟာ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ပြည်ပနိုင်ငံတွေကို အလုံးအရင်းနဲ့ ထွက်ခွာသွားနေတာ ကြောင့် ပြည်တွင်းမှာ အလုပ်သမားရှားပါးမှုနဲ့လည်း ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။ 

Source: Investing.com 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013