Home
မြန်မာသတင်း
ကောက်ညှင်းစိုက်တောင်သူများ ပြည်တွင်းပြည်ပဈေးကွက် ခိုင်မာရန် မျှော်လင့်
DVB
·
October 29, 2025

မြန်မာပြည်တွင်း စပါးဈေးတွေ ဆက်တိုက်ကျဆင်းနေတာကြောင့် တောင်သူတွေက ကောက်ညှင်းကို အားကိုးတကြီး ပြန်လည်စိုက်ပျိုးလာကြပြီး ပြည်တွင်းပြည်ပဈေးကွက် ခိုင်မာဖို့ မျှော်လင့်နေကြပါတယ်။

စပါးဈေးတွေ ဆက်တိုက်ကျဆင်းနေလို့ လက်ရှိ ၂၀၂၅ မိုးစပါးရာသီမှာ ကောက်ညှင်းစပါးတွေကို တောင်သူတွေက တိုးချဲ့စိုက်ပျိုးခဲ့ကြပြီး အမေ့လျော့ခံဖြစ်နေတဲ့ ကောက်ညှင်းဟာ ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူတွေကြား ပြောစရာပြန်ဖြစ်လာပေမဲ့ ဈေးကွက်မသေချာတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ရန်ကုန်တိုင်းက ကောက်ဦးပေါ်ချိန်မှာ ကောက်ညှင်းစပါး တင်း ၁၀၀ ကို ကျပ်သိန်း ၃၀ ရရှိနေပေမဲ့ လှိုင်လှိုင်ပေါ်လာတဲ့အချိန်မှာ ဈေးကျမှာကို စိုးရိမ်ရတယ်လို့ လေးထောင့်ကန်ကျေးရွာက တောင်သူတယောက်က ပြောပါတယ်။

“ကောက်ညှင်းက တဧကကို ၄၀၊ ၄၅ ထက် မပိုဘူး။ အလုံးရေကို ကျနော်တွက်ပြီး ခန့်မှန်းလိုက်တာ။ အဲလိုပြောတဲ့အတိုင်းပဲ ကောက်ညှင်းကလည်း ၄၀၊ ၄၅ တင်းပဲထွက်တယ်။ ဒါပေမဲ့ အခု သိန်း ၃၀ ပေါ့ဗျာ။ သဘောတခုက။ သိန်း ၃၀ ဖြစ်နေတဲ့အတွက် ဒါ ပြည်တွင်းမှာ ကောက်ညှင်းပြတ်တာ။ ကောက်ညှင်းရဲ့ ထုတ်လုပ်မှုအားကောင်းလာလို့ရှိရင် ဒီနှစ်ဆို ကောက်ညှင်းများသွားပြီ။ ဒီကောက်ညှင်းကရော မပေါသွားနိုင်ဘူးလား။ ပြောလို့မရဘူး။ ကောက်ညှင်းပြန်ပေါသွားမယ်ဆိုရင် ကောက်ညှင်းဈေးကွက်ကလည်း ဆင်းသွားမယ်။ အကြမ်းဈေးကွက်ကလည်း နဂိုတည်းက မရှိဘူးဆိုရင် ကျနော်တို့က ဘာလုပ်ငန်းကို လုပ်ရမှာလဲ။ တော်တော်လေးကို မှန်းဆတွက်ချက်ရ အတော်ခက်နေတယ်ပေါ့ဗျာ။”

ကောက်ညှင်းဆန်က အဖြူနဲ့ ငချိတ် နှစ်မျိုး စိုက်ပျိုးထုတ်လုပ်ပြီး  ပြည်တွင်း သရေစာလုပ်ငန်းအတွက် အသုံးရှိတဲ့အပြင် ပြည်ပဈေးကွက်ရှိတဲ့ သီးနှံလည်းဖြစ်သလို ထိုင်းကောက်ညှင်းမှုန့်တွေကိုလည်း တင်သွင်း အသုံးပြုနေကြတာ ရှိပါတယ်။

ကောက်ညှင်းစပါးက တဧကကို တင်း ၅၀ လောက်သာ ထွက်ပြီး တင်း ၁၀၀ ဈေးက ရန်ကုန်မှာ ကျပ် ၃၁ သိန်း ဈေးပေါက်နေလို့ တဧကကို ၁၅ သိန်းလောက် ရရှိနေတာဖြစ်ပြီး လက်ရှိစပါးဈေးထက် ကျပ် ၅ သိန်းလောက် ပိုရနေတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၁ ရက်က ဝါးတန်းကုန်စည်ဒိုင်မှာ ကောက်ညှင်းဆန်တအိတ်ကို ကျပ် ၁၅၀,၀၀၀ ကနေ ကျပ် ၁၇၀,၀၀၀ အထိ အရည်အသွေးအလိုက် ပေါက်ဈေးရှိခဲ့ပြီး လက်လီဈေးကွက်မှာတော့ ကောက်ညှင်းဆန်တပြည် ၈,၀၀၀ ဈေးနဲ့ ကောက်ညှင်းဆန် တတင်းခွဲ တအိတ်ကို ကျပ် ၂ သိန်းနီးပါး ရောင်းချနေတာ ဖြစ်ပါတယ်။

လတ်တလောမှာ ကောက်ညှင်းစပါး ဈေးကောင်းနေပြီး လက်လီ ကောက်ညှင်းဈေးကလည်း မြင့်နေပေမဲ့ ကောက်ညှင်းအထွက်များလာတဲ့အခါ တောင်သူတွေ ခန့်မှန်းထားသလိုပဲ ကောက်ညှင်းဆန် ဈေးကွက်ဟာ ကျလာနိုင်တယ်လို့ ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်က ကောက်ညှင်း လက္ကားရောင်းချသူ ကုန်သည်တယောက်က ပြောပါတယ်။

“ကောက်ညှင်းကတော့ အမတို့ထင်တာတော့ တသိန်းလောက်ထိ ကျမယ်။ အဲ့ချိန်လောက်ကျမှ စပါးလှောင်ရင်လှောင်၊ မလှောင်ရင် ကောက်ညှင်းလှောင်တာ။ ဒီအချိန်က ဘယ်သူမှ မလှောင်သေးဘူး။ လှောင်ဖို့လည်း မဝယ်သေးဘူး။ လတ်တလော လိုအပ်တာလေးလောက်ပဲ နည်းနည်းပါးပါးလောက်ပဲ ဝယ်သေးတယ်။”

ကောက်ညှင်းစပါးဟာ ဧရာဝတီ၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ အများဆုံး စိုက်ပျိုးကြပြီး စပါးစိုက်ပျိုးရာ ဒေသအလိုက် စပါးစိုက်ပျိုးရင်း စားသုံးဖို့အတွက် အနည်းငယ် ထည့်သွင်း စိုက်ပျိုးကြတာ ဖြစ်ပါတယ်။

ထိုင်းကလာတဲ့ ကောက်ညှင်းစပါးမျိုးတွေထဲက မြန်မာ့ရေမြေနဲ့ ကိုက်ညီတဲ့ အကောင်းဆုံးမျိုးကို မှော်ဘီ ဆန်စပါးသုတေသနခြံကနေ ရွေးချယ်ထားပြီး မှော်ဘီ ကောက်ညှင်းမွှေးလို့ အမည်ပေးထားတာ ဖြစ်ပါတယ်။

အဲဒီ ကောက်ညှင်းစပါးမျိုးဟာ မိုးရော၊ နွေပါ စိုက်ပျိုးနိုင်ပြီး အသက်ရက်က မိုးမှာ ၁၃၅ ရက်ရှိပြီး နွေမှာတော့ ၁၂၅ ရက်သာ ရှိပါတယ်။ အထွက်နှုန်းက တဧကကို တင်း ၁၀၀ အထိ ထွက်ရှိနိုင်ပြီး တောင်သူတွေ အားထားလို့ရတဲ့ တခုတည်းသော မျိုးသန့်တမျိုး ဖြစ်ပါတယ်။

လက်ရှိ ကောက်ညှင်းစပါး စိုက်ပျိုးထုတ်လုပ်ရာမှာတော့ မျိုးစေ့လိုအပ်ချက်အတွက် သန့်စင်တဲ့ ဒေသမျိုးတွေကို ရွေးချယ်ပြီး တောင်သူတွေအချင်းချင်း ဖြန့်ဝေသုံးစွဲနေကြတာ ဖြစ်ပါတယ်။

မျိုးစေ့အာမခံချက် မရှိပေမဲ့ တောင်သူချင်း ဖြန့်ဝေတဲ့ ကောက်ညှင်းစပါးမျိုးဈေးက တင်း ၁၀၀ ကို ကျပ် ၄၅ သိန်းဖြစ်ပြီး အာမခံချက်ပေးတဲ့ မျိုးသန့်ဈေးကတော့ တင်း ၁၀၀ ကို ကျပ်သိန်း ၇၀ အထိ ပေါက်ဈေးရှိနေပါတယ်။

လတ်တလောမှာတော့ မှော်ဘီ ကောက်ညှင်းမွှေး တမျိုးတည်းကိုသာ ကောက်ညှင်းစိုက်ပျိုးရာ ဒေသအလိုက် မျိုးစေ့ အဆင့်အလိုက် မျိုးသန့်စင် ဖြန့်ဝေပေးနေတာရှိပြီး တောင်သူတွေ ကြိုတင်မှာယူတဲ့အပေါ်မှာ ထုတ်လုပ် ဖြန့်ဖြူးပေးနေတာ ဖြစ်တယ်လို့ ကောက်ညှင်းစပါးမျိုးစေ့ ထုတ်လုပ်ကျွမ်းကျင်သူက ဆိုပါတယ်။

“ကောက်ညှင်းဆိုတဲ့ သဘောတရားကလေ စပါးဈေးမကောင်းမှ ကောက်ညှင်းကိုစိုက်တာ။ ကောက်ညှင်းဆိုတာ အမတို့တိုင်းပြည်က စားတာမဟုတ်ဘူးလေ။ အဓိကစားသုံးတဲ့ သီးနှံမဟုတ်ဘူး။ မုန့်ပဲသရေစာပဲ စားတာ။ တောင်သူတွေ အစိုက်များပြီး ကောက်ညှင်းဈေးကျပြီး ကောက်ညှင်းက နောက်နှစ် မစိုက်ပြန်တော့ဘူး။ သူတို့က စပါးဈေးမကောင်းလို့ ကောက်ညှင်းတွေကို လှည့်စိုက်တယ်။ လူအများကြီး စိုက်တယ်။ ဈေးကွက်ပေါ်ချိန်ကျရင် ကောက်ညှင်းဈေး ကျမယ်။ ဈေးကျရင် နောက်ရာသီကို မစိုက်တော့ဘူး။ အမတို့ မျိုးစေ့ထုတ်ထားလည်း အလကားပဲ၊ Grain လုပ်ပစ်ရရော။”

ကောက်ညှင်းပြည်ပဈေးကွက်ကတော့ တရုတ်နိုင်ငံတခုတည်းက အဓိကဝယ်ယူနေတာဖြစ်ပြီး လတ်တလော နိုင်ငံတကာ ကောက်ညှင်းဈေးကွက် အခြေအနေကို ဆန်ကုန်သည်တယောက်က အခုလို သုံးသပ်ပါတယ်။

“ကောက်ညှင်းကတော့ ဘယ်လိုပြောမလဲဆိုရင် တရုတ်ကဝယ်ရင်တော့ တောက်လျှောက် ဝယ်တယ်။ သူတို့မဝယ်ရင်တော့ ဒုက္ခရောက်ပြီ။ သူတို့မဝယ်ရင်တော့ ကောက်ညှင်းက ဘယ်ရောင်းလို့ ရောင်းရမှန်း မသိဘူး။ အခုက စိုက်ပျိုးထုတ်လုပ်မှုကလည်း အရင်ထက် နှစ်ဆ၊ သုံးဆ ပိုလာတယ်ဆိုတော့ အိတ်စ်ပို့ သွားကိုသွားရမှာ။ ဒါမဲ့ နိုင်ငံတကာဈေးကွက်မှာ ကောက်ညှင်းဈေးက မကျဘူး။ နိုင်ငံတကာဈေးကွက်မှာ ကောက်ညှင်းက ၃၇၀၊ ၈၀ လောက်မှာ ရောင်းနေရတာ အဲလိုမျိုးသိတယ်။ အဲလိုမျိုးဆိုတော့ နည်းနည်းတော့ အားရှိတာပေါ့။ ဘာပဲပြောပြော စပါးစိုက်တဲ့တောင်သူနဲ့ ကောက်ညှင်းစိုက်တဲ့တောင်သူမှာ ကောက်ညှင်းစိုက်တဲ့သူက ပိုက်ဆံပိုရမှာ သေချာတယ်။ စပါးစိုက်တဲ့သူက လက်ရှိမှာ ရှုံးတာလေ။ ကောက်ညှင်းစိုက်တဲ့သူက အမြတ်နည်းတာနဲ့ အမြတ်များတာပဲ ကွာတာ။ ဒါမဲ့ တနိုင်ငံလုံး ကောက်ညှင်းချည်းပဲ စိုက်ရင်တော့ မဖြစ်သေးဘူး။”

ပြည်တွင်း ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုက ဘဏ္ဍာနှစ်တနှစ်ကို စိုက်ဧက ၁၇ သန်းလောက် ရှိပေမဲ့လည်း ကောက်ညှင်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး စိုက်ဧက ထုတ်ပြန်နိုင်တာတော့ မရှိသေးပါဘူး။

လတ်တလောမှာ ကောက်ညှင်းဈေးကွက် ခိုင်မာဖို့ ပြည်ပဈေးကွက်သစ်တွေ ရှာဖွေဖို့ ဆန်စပါးအသင်းချုပ်က ပြင်ဆင်နေပြီး စီမံချက်လည်း ရေးဆွဲထားတယ်လို့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

အချက်အလက် အသေးစိတ်ကို ထုတ်ပြန်တာ မရှိပေမဲ့ ကောက်ညှင်းဈေးကွက် မြှင့်တင်ဖို့အတွက် ကောက်ညှင်းစိုက်ပျိုးသူ တောင်သူတွေနဲ့ ကုမ္ပဏီတွေ ပူးပေါင်းပြီး လာမယ့်စိုက်ပျိုးရာသီတွေမှာ ကန်ထရိုက်လယ်ယာစနစ်နဲ့ စိုက်ပျိုးသွားဖို့တွေလည်း ဖြစ်လာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024