
ထိုင်းပြည်သူတွေရဲ့ မိခင်လို့ တင်စားကြတဲ့ ထိုင်းမိဖုရားကြီး သီရိခေတ် အောက်တိုဘာလ ၂၄ ရက်က နတ်ရွာစံခဲ့ပြီး၊ မိဖုရားကြီး ဆုံးရှုံးမှုအပေါ် ဝမ်းနည်းခြင်း အထိမ်းအမှတ် ကာလမှာ ဆူညံ ပျော်ပါးတာတွေ မလုပ်ကြဖို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက သတိပေးပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင်က မိဖုရားကြီး သီရိခေတ် နတ်ရွာစံခြင်း အထိမ်းအမှတ်အနေနဲ့ အများပြည်သူဆိုင်ရာ ဝမ်းနည်းခြင်းကို ရက် ၉၀ သတ်မှတ်လိုက်ပြီး၊ အစိုးရရုံးတွေနဲ့ဆိုင်ရာမှာ တနှစ် တိတိ ဝမ်းနည်းခြင်း အထိမ်းအမှတ်ဖော်ပြဖို့ တိုက်တွန်း ကြေညာပါတယ်။
ထိုင်းဘုရင် မဟာဗာဂျီရာ လောင်ကွန်းရဲ့ မယ်တော်ဖြစ်တဲ့ ထိုင်းမိဖုရားကြီး သီရိခေတ်ဟာ သက်တော် ၉၃ နှစ်အရွယ်၊ အောက်တိုဘာလ ၂၄ ရက် ညပိုင်းမှာ နတ်ရွာစံသွားတာဖြစ်ကြောင်း တော်ဝင်အိမ်တော် ဗျူရိုက ကြေညာခဲ့ပါတယ်။
မိဖုရားကြီး သီရိခေတ်ရဲ့ စျာပနကို ထိုင်းတော်ဝင် အစဥ်အလာတွေနဲ့ အမြင့်ဆုံး ဂုဏ်ပြု ကျင်းပဖို့ စီစဉ်ထားပြီး ဝမ်းနည်းခြင်းကာလကိုလည်း တနှစ်တိတိ သတ်မှတ်ထားပါတယ်။ ဒီကာလမှာ ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း ထိုင်းရောက် မြန်မာတွေ ဆင်ခြင်နေကြဖို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက သတိပေးပါတယ်။
အေအေစီ အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက “၃ လတာအတွင်း ဆူဆူညံညံ ပွဲလမ်းသဘင်တွေ မလုပ်ဖို့၊ ရှောင်ရှားဖို့ ပြောထားတယ်။ အဲ့ကြားထဲမှာမှ ကိုယ့်မြန်မာနိုင်ငံသားတွေက အလုပ်ပိတ်ရက်တွေမှာ Sound box တွေ ဖွင့်တာတွေ၊ အသံဆူညံတာတွေ၊ ပြဿနာဖြစ်တာတွေ၊ ပျော်ရွှင်တဲ့ပုံစံ ဝုန်းဝုန်းဒိုင်းဒိုင်း ဖြစ်တာ မျိုးတွေ ရှောင်ရှားရမယ်။ အဓိကတော့ လမ်းသွားလမ်းလာမှာလည်း သူတို့နိုင်ငံသားတွေ အင်္ကျီ ဘယ်လိုအရောင် ဝတ်တယ်။ ဘယ်လိုသွားလာကြတယ်၊ အဲ့လိုပုံစံအတိုင်း အလိုက်သင့် နေရမယ်။ ပြီးရင် ထိုင်းဘုရင်တွေ၊ ထိုင်းနန်းတွင်း ကိစ္စတွေနဲ့ပတ်သက်လို့ စကားမကျွံဖို့၊ စာတွေ ရေးသားတာ မမှားဖို့၊ ပို့စ်တင်တာတွေ၊ မှတ်ချက်ပေးတာတွေ မမှားဖို့ အထူးသတိထားပြီး နေထိုင်ကြရမယ့် အချိန်ကာလ ဖြစ်တယ်။ ကိုယ်သွားနေတဲ့ တိုင်းတပါး၊ ကိုယ်မှီတင်း နေထိုင်နေတဲ့ နိုင်ငံမှာ ပြည်သူတွေ ဝမ်းနည်း ပူဆွေးနေချိန်မှာ ကိုယ်တွေက ပျော်ပြနေလို့ မရဘူး”လို့ ပြောပါတယ်။
ထိုင်းမိဖုရားကြီး သီရိခေတ်ဟာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၇ ရက် ကတည်းက ရောဂါဝေဒနာ များစွာကြောင့် ဆေးရုံတက်ခဲ့ရတာဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်မှာ သွေးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် ဖျားနာခဲ့တာ ဖြစ်ပါတယ်။
မိဖုရားကြီး သီရိခေတ်ဟာ ဘုရင်ကြီး ဘူမိဘော အဒူလ်ယာဒက် (ရာမ ၉) နဲ့အတူ ထိုင်းနိုင်ငံ တဝန်း ပြည်သူ့ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတို့ အလုပ်များစွာ လုပ်ခဲ့တာကြောင့် ထိုင်းနိုင်ငံသားတွေက ပြည်သူတွေရဲ့ အမေ၊ နိုင်ငံတနိုင်ငံရဲ့ မိခင်လို့လည်း ခေါ်ဆိုကြပါတယ်။
ထိုင်းရောက် မြန်မာအလုပ်သမား ကိုစိုးမိုးက “ကိုယ့်နိုင်ငံထက်ကို ဒီနိုင်ငံက လုံခြုံတော့ ကျနော်တို့က ရောက်နေတဲ့ နေရာမှာ၊ လုံခြုံတဲ့နေရာမှာ သူ့စည်းကမ်းကို လိုက်နာရမယ်။ ဧည့်သည်က ဧည့်သည်လို နေရမယ်ဆိုတဲ့ အမေစု အရင်တုန်းက ပြောခဲ့တဲ့ စကား ရှိတယ်။ ကျနော်တို့ အလုပ်သမားတွေကို အဲ့လို သတိပေးခဲ့တယ်။ ဒါလည်း တကယ် မှန်တဲ့ စကားပေါ့။ ဧည့်သည်လို စည်းနဲ့ကမ်းနဲ့ နေသွားမယ်ဆိုရင် ဒီမှာတော့ လုံလုံခြုံခြုံ ဖြစ်ပါတယ်။ အဘက်ဘက်ကတော့ ထိုင်းမှာလည်း သူ့ နိုင်ငံရေးအပြောင်းအလဲတွေ၊ ဘုရင်မကြီး နတ်ရွာစံတဲ့ ကိစ္စတွေ အမျိုးမျိုး ဖြစ်နေတာဆိုတော့ သူတို့ရဲ့ အပြောင်းအလဲတွေကြားမှာ ကျနော်တို့ ကြားညှပ် မသွားအောင် နေတတ်သွားဖို့ ရှိတယ်။ ကိုယ့်နိုင်ငံထက်စာရင် ဒီမှာက လုံခြုံစိတ်ချပြီး သူ့စည်းကမ်း လိုက်နာမယ်ဆိုရင် ဘေးကင်းပါတယ်။ အဲ့လိုပဲ ပြောချင်ပါတယ်”လို့ ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် ကိုယ်တိုင်လည်း မလေးရှားသွားမယ့် အစီအစဥ်ကို ဖျက်သိမ်းခဲ့သလို၊ မိဖုရားကြီး နတ်ရွာစံတဲ့ရက်က စလို့ ရက် ၉၀ တိတိ ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင် ပါတဲ့ အင်္ကျီ အဝတ်အစားတွေကို ဝတ်ဆင်ကြဖို့လည်း မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
ထိုင်းမှာ မိဖုရားကြီး သီရိခေတ်ရဲ့ မွေးနေ့ဖြစ်တဲ့ ဩဂုတ် ၁၂ ရက်နေ့ကို အမေနေ့ (Mother’s Day) လို့ ထိုင်းနိုင်ငံမှာ သတ်မှတ်ထားပါတယ်။
မိဖုရားကြီး နတ်ရွာစံသွားတဲ့အခါ ထိုင်းလူထုအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုအဖြစ် နိုင်ငံတော်အဆင့် ကြေကွဲ ဝမ်းနည်းခြင်း ဈာပန အခမ်းအနားတွေ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။
ဇွဲသစ်




