
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ အောက်တိုဘာ ၂၆ ရက်က ကွာလာလမ်ပူမှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာ အာဆီယံခေါင်းဆောင်တွေက အာရှတိုက်ရဲ့ သက်တမ်းအငယ်ဆုံးနိုင်ငံဖြစ်တဲ့ အရှေ့တီမောနိုင်ငံကို အာဆီယံဝင်ရောက်ခွင့် တရားဝင် အတည်ပြုခဲ့ပြီးနောက်မှာ အရှေ့တီမောဟာ ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင် ဖြစ်လာခဲ့ပါပြီ။
တီမော-လက်စတေ လို့လည်း သိကြတဲ့ အရှေ့တီမောနိုင်ငံဟာ အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် ကြေညာချက်မှာ လက်မှတ်ရေးထိုးအပြီးမှာ အရှေ့တီမော ဝန်ကြီးချုပ် ရှနားနာ ဂုရှ်မာအို က အာဆီယံအဖွဲ့ကြီးကို ဝင်ရောက်ခွင့် ရရှိလိုက်တာဟာ “အိပ်မက်တခု အကောင်အထည် ပေါ်လာခြင်းထက် ပိုပါတယ်” လို့ ပြောကြားလိုက်ပြီး ဒီနေ့တော့ သမိုင်းဝင်ပါပြီလို့ ဆိုပါတယ်။
အရှေ့တီမောနိုင်ငံဟာ ပေါ်တူဂီအုပ်ချုပ်မှုအောက်မှာ ရှိနေချိန်ကတည်းက လက်ရှိသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာက တီမောကို အနာဂတ်မှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတခုအဖြစ် ဖွံ့ဖြိုးအောင်မြင်စေချင်တယ်လို့ မျှော်မှန်းထားချက် ပြည့်ဝသွားတာလည်း ဖြစ်ပါတယ်။
အရှေ့တီမော ဝန်ကြီးချုပ် ဂုရှ်မာအို က “တီမော-လက်စတေ ပြည်သူတွေအတွက် ဒါဟာ အိပ်မက်တခု အကောင်အထည်ပေါ်လာခြင်း သာမကဘဲ နိုင်ငံရဲ့ လျှောက်လှမ်းရမယ့် ခရီးအတွက် အားကောင်းတဲ့ အတည်ပြုချက်တခုလည်း ဖြစ်ပါတယ်။ အဲဒါကလည်း ခံနိုင်ရည်ရှိမှု၊ စိတ်ပိုင်းဖြတ်မှုနဲ့ မျှော်လင့်ချက်တွေနဲ့ အမှတ်အသားပြုထားသော ခရီးတခုပါ” လို့ ပြောပါတယ်။
အာရှတိုက်ရဲ့ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်တဲ့ လူဦးရေ ၁.၄ သန်းရှိ အရှေ့တီမောနိုင်ငံဟာ အာဆီယံနဲ့ ပေါင်းစည်းသွားခြင်းကနေ စီးပွားရေးအကျိုးအမြတ်တွေ ရလာမယ်လို့ မျှော်လင့်နေတာ ဖြစ်ပြီး လက်ရှိမှာတော့ သူ့စီးပွားရေးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံသာရှိပြီး၊ အာဆီယံရဲ့ စုစုပေါင်း ဂျီဒီပီ ဒေါ်လာ ၃.၈ ထရီလီယံက အစိတ်အပိုင်းသေးငယ်တခုမျှသာ ဖြစ်ပါတယ်။
အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ရရှိခြင်းကနေ အပြောင်းအလဲဖြစ်စေလိမ့်မယ်လို့ မမျှော်လင့်ရပေမဲ့ တီမော-လက်စတေ နိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲ သူရဲကောင်းတွေ ဖြစ်ကြတဲ့ သမ္မတ ဟိုဆေး ရာမို့စ်-ဟော်တာ နဲ့ ဝန်ကြီးချုပ် ရှနားနာ ဂုရှ်မာအို တို့အတွက် သမိုင်းဝင် ဂုဏ်သိက္ခာအောင်ပွဲတခု ဖြစ်ပါတယ်။
Source: Reuters




