
ကမ္ဘာကျော်ပန်းချီဆရာတွေဖြစ်တဲ့ ပါဘလိုပီကာဆိုနဲ့ ရမ်းဘရန့်ဒ်ထ်တို့ အပါအဝင် ပန်းချီကျော်တွေ ရေးဆွဲထားတယ်ဆိုတဲ့ ကင်းဗတ်စ်ပန်းချီကားတွေအတွက် သန်းနဲ့ချီ ဈေးတောင်းဆိုကြတဲ့ ပန်းချီကားအတု ဂိုဏ်းကွင်းဆက်ကို ဂျာမန်ရဲတပ်ဖွဲ့ဟာ ဖြိုခွင်းဖမ်းဆီးခဲ့ပါတယ်။
အဓိကသံသယရှိသူက ပီကာဆိုရဲ့ မူရင်းပန်းချီကား ၂ ချပ် ဆိုပြီး ရောင်းချဖို့ ကမ်းလှမ်းခဲ့ချိန်မှာ အဲဒီဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို ရဲတပ်ဖွဲ့က ပထမဆုံး သတိထားမိခဲ့တာဖြစ်ပါတယ်။
အဲဒီထဲမှာ ပီကာဆိုကို နှစ်ရှည်လများ အားပေးဖော် မိတ်ဖက်လည်းဖြစ်တဲ့ ဓာတ်ပုံဆရာနဲ့ တက်ကြွလှုပ်ရှားသူ ဒိုရာမာရဲ့ ပန်းချီကားလို့ ယူဆရတဲ့ ပန်းချီကားတချပ်ကို ပထမဆုံး ကမ်းလှမ်းခဲ့တာဖြစ်ပြီး ပီကာဆို ပန်းချီကား ၂ ချပ်နဲ့ တခြား နာမည်ကြီး အနုပညာရှင်တွေရဲ့ ပန်းချီကားတွေအတွက် ဒေါ်လာ ၁ သန်းခွဲ ဈေးခေါ်ခဲ့တယ်လို့ အထူးအနုပညာ စုံစမ်းစစ်ဆေးရေးဌာနရဲ့ အကြီးအကဲ ပက်ထရစ် ဟဂ်ဂန်မူလာက ပြောပါတယ်။
ဒါကြောင့် ကျနော်တို့ရဲ့ စုံစမ်းရေးအဖွဲ့ကိုလည်း ဒိုရာမာ စစ်ဆင်ရေးအဖွဲ့လို့ နာမည်ပေးထားတာလို့ ဆိုပါတယ်။
သူတို့ သန်းနဲ့ချီ ဈေးကမ်းလှမ်းတဲ့အထဲမှာ အမ်စတာဒမ်ရှိ ရိုက်ခ်စ်ပြတိုက်မှာ ဆယ်စုနှစ်များစွာ ချိတ်ဆွဲထားတဲ့ ပန်းချီကားတချပ်အမှုလည်း ပါဝင်ကြောင်း ပက်ထရစ် ဟဂ်ဂန်မူလာက ပြောပြပါတယ်။
ဒီပန်းချီကားကို ဆွစ်ဇာလန်နိုင်ငံက အမျိုးသမီးတယောက်ဟာ သူ့ပိုင်ဆိုင်မှုလို့ ဆိုပြီး အဓိက သံသယရှိသူက တဆင့် ဆွစ်ဖရန့် ၁၂၀ သန်းနဲ့ ဆွစ်ကုမ္ပဏီတခုဆီ ရောင်းချဖို့ ကမ်းလှမ်းခဲ့ကြောင်းနဲ့ ကျွမ်းကျင်သူတယောက်ရဲ့ စစ်ဆေးချက်အရ ဒါဟာ မိတ္တူတခု ဖြစ်ကြောင်း ဆုံးဖြတ်နိုင်ခဲ့ပါတယ် လို့ ဆိုပါတယ်။
ရဲတွေဟာ ပြီးခဲ့တဲ့အပတ်က ဂျာမနီနိုင်ငံ အရှေ့တောင်ပိုင်းမှ အသက် ၇၇ နှစ်အရွယ် ဂိုဏ်းခေါင်းဆောင်လို့ စွပ်စွဲခံရသူကို ဖမ်းဆီးခဲ့ပြီး အခြေအနေအရ ပြန်လွှတ်ပေးခဲ့ကြောင်း အောက်တိုဘာ ၂၄ ရက်မှာ ပြောပါတယ်။
သူနဲ့ အပေါင်းအပါ ၁၀ ယောက်တို့ဟာ အတုလုပ်ထားတဲ့ အနုပညာလက်ရာတွေနဲ့ လိမ်လည်မှု ကျူးလွန်ရန် စီစဉ်ပူးပေါင်းကြံစည်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။
Source: Reuters




