
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက် ကလေးအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေကို ငွေပေးမှသာ အကျဉ်းသားတွေကို ဆေးဝါးကုသခွင့် ပေးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဆီကနေ သိရပါတယ်။
မော်လိုက် ကလေးအကျဥ်းဦးစီးဌာနက အကျဥ်းသားတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိဘဲ ဆေးဝါးလုံလောက်မှု မရှိတဲ့အပြင် အရေးပေါ်လူနာတွေရဲ့ ပြင်ပဆေးကုသခွင့်ကို ထောင်ပိုင်ကြီး အပါအဝင် အရာရှိတချို့ကို သူတို့တောင်းခံတဲ့ ငွေပမာဏ ပေးမှသာ အပြင်ထွက်ဆေးကုဖို့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။
အရေးပေါ်ဆေးကုသခွင့်အတွက် တကြိမ်ကို ပေးဆောင်ရတဲ့ပမာဏမှာ မြန်မာငွေ ၅ သိန်းကျပ်မှ သိန်း ၂၀ ကြား ပေးဆောင်နေရပြီး ရံဖန်ရံခါမှာ ထောင်အာဏာပိုင်တွေရဲ့ KTV ဖိုးကို ပေးဆောင်မှသာ ပြင်ပဆေးဝါးကုသခွင့်ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူက “အကျဉ်းထောင်ထဲမှာ နာတာရှည်ဝေဒနာတွေ၊ နှလုံး၊ ကျောက်ကပ်တို့လို ရောဂါတွေ၊ HIV ရောဂါတွေ ရှိနေတဲ့သူတွေ ရှိပါတယ်။ ဆေးဝါးကုသခွင့် ရဖို့အတွက်ဆို အထက်ကိုတင်ပြရတယ်။ အကျဉ်းထောင် အာဏာပိုင် အဆင့်ဆင့်ကို တင်ပြရတယ်။ အာဏာပိုင်တွေက ခွင့်ပြုမှသာ ခွင့်ပြုတဲ့ စာရွက်ကျမှသာလျှင် ဆေးကုသလို့ရတာ ဖြစ်ပါတယ်။ အခုလောလောဆယ်က ဆေးဝါးကုသခွင့် ရဖို့ကိုတောင် ငွေကြေးပေးနေရတဲ့ အခြေအနေ ဖြစ်နေတာပါ” လို့ ပြောပါတယ်။
မော်လိုက်အကျဉ်းထောင်မှာ အကျဉ်းသား အယောက် ၁,၅၀၀ နီးပါးရှိပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။




