Home
နိုင်ငံတကာ
အနောက်ဘက်ကမ်းဒေသ သိမ်းပိုက်ရေး အစ္စရေးလွှတ်တော်တွင် မဲခွဲမည့်ကိစ္စ အမေရိကန်ဝေဖန်
DVB
·
October 24, 2025
Photo :Reuters

လက်ရှိမှာလည်း အစ္စရေးက ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်းနယ်မြေ၊ အနောက်ဘက်ကမ်းဒေသကို အစ္စရေး အချုပ်အခြာအာဏာပိုင်ဒေသအဖြစ် သိမ်းပိုက်၊ သွတ်သွင်းရာရောက်စေတဲ့ ဥပဒေတရပ် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားတဲ့အပေါ် အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအို တို့က ဝေဖန်လိုက်ပါတယ်။

အနောက်ဘက်ကမ်းမှာ အစ္စရေးနိုင်ငံရဲ့ ဥပဒေတွေ အာဏာတည်၊ ကျင့်သုံးရေး ဥပဒေကြမ်းကို ကနဦး အတည်ပြုချက်ပေးဖို့ လက်ယာစွန်း နိုင်ငံရေးသမားတွေက အစ္စရေးလွှတ်တော် နက်ဆက်မှာ တင်သွင်းခဲ့ပါတယ်။

ဒီဒေသဟာ ဂါဇာကမ်းမြောင်နဲ့အတူ အနာဂတ် ပါလက်စတိုင်းနိုင်ငံရဲ့ နယ်မြေတခု ဖြစ်ရမယ်လို့ နိုင်ငံတကာက လက်ခံထားကြတာ ဖြစ်ပါတယ်။ 

ဒီလုပ်ရပ်ဟာ အင်မတန်မိုက်မဲတဲ့ နိုင်ငံရေးစတန့်ထွင်တာသာ ဖြစ်တယ်လို့ အစ္စရေးကို လာရောက်ခဲ့တဲ့ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က မှတ်ချက်ချခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ရူဘီအို ကလည်း အနောက်ဘက်ကမ်းကို သိမ်းလိုက်တာဟာ သမ္မတ ထရမ့်ပ်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဉ်ကို ထိခိုက်စေမယ်လို့ သတိပေးထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကတော့ ဒီလုပ်ရပ်ဟာ စိတ်ဝမ်းကွဲအောင်လို့ အတိုက်အခံတွေဘက်က နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ လုပ်တာလို့ ဝေဖန်ထားပါတယ်။

နေတန်ယာဟုရဲ့ လက်ယာယိမ်း လီကွတ်ပါတီနဲ့ မဟာမိတ်တွေက ဒီဥပဒေကြမ်းကို မဲပေး ထောက်ခံမှာ မဟုတ်တဲ့အတွက် အတည်မဖြစ်နိုင်ဘူးလို့လည်း ဖြေရှင်းပါတယ်။

အခုအခါမှာ အဲဒီဥပဒေကြမ်း အတည်ပြုရေး လုပ်ငန်းစဉ်တွေပါ ရပ်တန့်ထားဖို့ နေတန်ယာဟုက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

“ဒါက နိုင်ငံရေးစတန့်ထွင်တာပါ။ အင်မတန်မိုက်မဲတဲ့ နိုင်ငံရေးစတန့်ပါ။ ကျုပ်အမြင်အရတော့ ဒါက စော်ကားတာပါ။ အနောက်ဘက်ကမ်းကို အစ္စရေးထဲ သွတ်သွင်းလို့ မရပါဘူး။ ထရမ့်ပ်အစိုးရ မူဝါဒမှာ အနောက်ဘက်ကမ်းကို အစ္စရေးထဲ သွတ်သွင်းလို့မရပါဘူး” လို့ ဗန့်စ်က ပြောကြားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013