
နေလုံးကြီးက အနောက်အရပ်ဆီကနေ နှုတ်ဆက်ထွက်ခွာသွားတော့မယ့်အကြောင်း ပုဇွန်ဆီရောင် သန်းနေတဲ့ အရောင်အဝါနဲ့ အချက်ပြနေပါတယ်။
တနေ့တာကို ဒေါသတကြီး ကျော်ဖြတ်ပြီးချိန်မှာတော့ တရက်တာရဲ့ အနားသတ်ကို နူးညံ့ခြင်း အရိပ်အရောင်ပြတဲ့ သဘောပါ။ နောက်တနေ့မှာ အလျှံညီးညီး တောက်လောင်နေတဲ့ အရောင်အဝါနဲ့ တကျော့ပြန် ပြန်လာဦးမှာမို့ပါ။
အဲဒီနေလုံးကြီး ပျောက်ကွယ်သွားခါနီး အချိန်မှာပဲ ကောင်းကင်ပြင်မှာ ပုဇွန်ဆီရောင်သန်းနေတဲ့ အရောင်နဲ့ မြေပြင်မှာက မာကျူရီမီးရောင်တွေက တလက်လက်နဲ့ ထွန်းလင်းတောက်ပလာနေချိန် ဖြစ်ပါတယ်။
လောကကြီးက နေ့တနေ့တာကို အမှောင်ထုနဲ့ အစပြုချိန် မရောက်သေးလို့ မာကျူရီမီးရောင်တွေက မြေပြင်မှာ အလုံးစုံ နေရာမယူသေးတဲ့ချိန်လည်း ဖြစ်ပါတယ်။
တိုက်ခန်းတခုရဲ့ အနောက်ဘက်မှာရှိတဲ့ ဝရန်တာပေါ်ကနေ အဲဒီမြင်ကွင်းကို ကျနော် ဖုန်းကင်မရာနဲ့ ဓာတ်ပုံရိုက်ကူးယူမိတယ်။ တိုက်ခန်းရဲ့ အနောက်ဘက်က ပလတ်စတစ်ပိုက်ကွန်နဲ့ အုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီပိုက်ကွန်ရဲ့ ဇကာအပေါက်သေးသေးကြားကနေပဲ ညနေခင်းရဲ့ ရုပ်ပုံကားချပ် တခုကို အမိအရ ရိုက်ယူမိပါတယ်။
အဲဒီမြင်ကွင်းရဲ့ ပုံရိပ်ကို ဓာတ်ပုံ နှစ်ပုံ သုံးပုံလောက် ရိုက်ကူးမိလိုက်တယ်။ ပုံရိုက်နေရင်း နှစ်ပုံမြောက်မှာလား၊ သုံးပုံမြောက်မှာလားတော့ မပြောတတ်ဘူး အတွေးတစပေါ်လာတယ်။ အဲဒီအတွေးစက ကြားဖူးနားဝ စကားတခုကနေ လာတာပါ။
“နေဝင်မီးလက် စီးပွားတက်” တဲ့။ ဒီစကားရပ်ကို ကြားဖူးတာ ကြာပါပြီ။ ခဏခဏလည်း ကြားဖူးခဲ့တာဆိုတော့ ပိုပြီးမှတ်မိနေတာပါ။
အဖေက အဲဒီစကားရပ်ကို မကြာခဏဆိုသလို ပြော ပြောနေတာ။ ကျနော်တို့ညီအစ်ကို တရက်တာ ကုန်ဆုံးချိန်မှာ အိမ်က ဘုရားကျောင်းဆောင်မှာ ဘုရားဆီမီး၊ သောက်တော်ရေ ကပ်ရမယ်လို့ တာဝန်ပေးထားတယ်။ ညီအစ်ကိုတွေ တယောက်မဟုတ်တယောက်က မိုးချုပ်တာနဲ့ ဘုရားဆီမီး ကပ်ရမယ်။ သောက်တော်ရေ လဲရတယ်။
ဒီလိုလုပ်ပေးကြဖို့ အဖေက “နေဝင်မီးလက် စီးပွားတက်” တဲ့။ ဒါမျိုးပြောတာ။ မိုးချုပ်တာနဲ့ ဘုရားဆီမီး ကပ်ရမယ် ဆိုတဲ့သဘောပါ။ ကျနော်တို့လည်း အဲဒီတာဝန်ကို မပျက်ကွက်ခဲ့ကြပါဘူး။
အခုတော့ ထိုင်းနိုင်ငံ အယုဒ္ဓယ ညနေခင်းတခုမှာ ကောင်းကင်မှာ နေဝင်တော့မယ်။ မြေပြင်မှာ မီးတွေက ထိန်လင်းလို့။ ကောင်းကင်မှာ နေဝင်တော့မယ့်အချိန် မြေပြင်မှာ မီးတွေက လက်လက် လက်လက်နဲ့ပေါ့။
ဪ..... သူတို့နိုင်ငံမှာ နေဝင်မီးလက် အဆက်မပြတ် လုပ်နေကြတာဆိုတော့ စီးပွားတက်တဲ့ နိုင်ငံပေပဲလားပေါ့လို့ အတွေးရောက်ခဲ့ပါတယ်။ အဲဒီမီးရောင်တွေက စက်ရုံ၊ အလုပ်ရုံတွေက မီးတွေလင်းနေတာပါ။ အဲဒီ စက်ရုံ အလုပ်ရုံမှာ အလုပ်လုပ်နေကြတဲ့သူတွေက ရွှေမြင်း အထပ်မြင့်တိုက်ခန်းက လူတွေလည်း ပါပါတယ်။
ကျနော် ဓာတ်ပုံရိုက်ကူးနေတဲ့နေရာကလည်း ရွှေမြင်း အထပ်မြင့်တိုက်ခန်းဘေးက နောက်ထပ် အထပ်မြင့်တိုက်ခန်းတခုမှာ ဖြစ်ပါတယ်။ အဲဒီ အထပ်မြင့်တိုက်ခန်းတွေထဲမှာ နေကြတာ မြန်မာနိုင်ငံသားတွေချည်းပါပဲ။ အများစုက လူငယ်တွေ။ ဆယ်ကျော်သက် လူငယ်တွေလည်း ပါရဲ့။ တချို့ဆို အသက်တောင် မပြည့်သေးတဲ့သူတွေလည်း ပါပါတယ်။
“ကျနော် ညပိုင်း အလုပ်တပတ်လောက်ဆင်းတော့ ဆက်ပြီး မလုပ်နိုင်တော့ဘူး။ အဲဒါ ပွဲစားအမကို ၃ ရက်လောက် နားခွင့်တောင်းတာ။ သူခွင့်ပြုလို့ နားနေတာ” လို့ လူငယ်လေးက အဆောင်နေတိုက်ခန်း အတက်အဆင်းလုပ်တဲ့ လှေခါးထစ်မှာ သူ့အကြောင်းကို ပြောပြနေတယ်။
သူ့ပုံစံက မူမှန်တဲ့ အနေအထားမှာတော့ မဟုတ်ဘူး။ အိပ်ရေးပျက်ထားတဲ့ဒဏ်၊ အလုပ်ဝန်ပိထားတဲ့ ဒဏ်တွေကြောင့် တယောက်ယောက်ကို ပြောနေတဲ့ စကားလုံးတွေက သာမန်လူတယောက်ရဲ့ စကားပြောဟန် မဟုတ်ဘူး ဆိုတာတော့ သိသာနေပါတယ်။
စက်ရုံလုပ်သားတွေထဲမှာ ညပိုင်းအလုပ်ဆင်းရတဲ့အချိန်က နေ့လယ် ၂ နာရီ၊ အလုပ်သိမ်းချိန်က နောက်တနေ့ရဲ့ မနက် ၄ နာရီအချိန်မှာပါ။ တညလုံး အလုပ်ကြမ်းလုပ်ကြရတာဖြစ်လို့ အလုပ်နဲ့လူ မျှချေမရှိတဲ့ဒဏ်ကို ကြံ့ကြံ့ခံနေကြရတဲ့ပုံမျိုးပါ။
ညပိုင်း အလုပ်ကို ဆက်တိုက်ဆင်းတော့ နားတွေအူလာတယ်။ တယောက်ယောက်က တခုခုပြောရင် ကြားရတယ်။ အဲလို တခုခုပြောတာကို ပြန်ပြောလိုက်တယ်ပဲ ထင်တယ်။ တခုခု တုံ့ပြန်လိုက်တယ်ဆိုတဲ့ စိတ်အထင်ဖြစ်နေတာ။ တကယ်တော့ ဘာမှပြန်မပြောမိတာတွေ ဖြစ်လာတယ်။
တခုခုလုပ်ဖို့အတွက် အိပ်ရေးဝအောင်အိပ်ပြီးမှ လုပ်လို့ရတာ။ အိပ်ရေးဝအောင် ပြန်အားမယူဘူးဆို အိမ်အလုပ် လုပ်နေရင်းနဲ့ ဘာဆက်လုပ်ရမလဲဆိုတာ ငုတ်တုတ်ကြီး မေ့နေတာမျိုးတွေ ဖြစ်လာတယ်။ နားလို့ကလည်း မရပြန်ဘူး။ အလုပ်မရှိပဲ ထိုင်နေကြတဲ့သူတွေက အများကြီး။ ရတုန်းလေး လုပ်နေရတာ။ ဘယ်အချိန် အလုပ်ရပ်သွားမလဲ ဆိုတာလည်း စိုးရိမ်ရသေးတာ။
ပွဲစားတွေရဲ့ လက်တံက ဘယ်လောက်အထိ ရောက်သလဲ ဆိုတာကိုလည်း တွက်ဆကြည့်မိပါသေးတယ်။ အလုပ်ဆင်းချိန်၊ အလုပ်တက်ချိန်နဲ့ တရက်တာ အလုပ်ဆိုင်းမှာ ကိုယ့်နာမည် ပါမပါဆိုတာ ပွဲစားဆိုတဲ့ လူတွေက ကိုင်ထားကြတယ်။
အလုပ်နားချင်ရင် ပွဲစားကိုပြော။ အလုပ်ဆင်းရဖို့ကိုလည်း ပွဲစားကိုပဲ ပြောရတဲ့ အခြေအနေပါ။ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာချင်ကြသူတွေကို ဝန်ဆောင်မှုပေးတာအပြင် ထိုင်းနိုင်ငံသားတွေပိုင်တဲ့ စက်ရုံ အလုပ်ရုံမှာ မြန်မာနိုင်ငံက ပွဲစားဆိုတဲ့သူတွေက လုပ်ငန်းခွင်ထဲ အခုလို ဝန်ထမ်းရေးရာလို နေရာမျိုးမှာ နေတဲ့အခန်းထဲက အပြင်မထွက်စရာမလိုဘဲ စီမံခန့်ခွဲနေကြတာ ဖြစ်ပါတယ်။ ထိုင်ရာက မထတဲ့အပြင် အိပ်ယာထဲ လှဲနေရာက မထဘဲ ထိုင်းနိုင်ငံသားတွေပိုင်တဲ့ စက်ရုံ အလုပ်ရုံထဲက လုပ်သားတွေရဲ့ လူစာရင်းကို ကိုင်တွယ်နေကြတာဟာ ဘယ်သူကမှ မစိစစ်ကြတော့ဘူးလား ဆိုတဲ့ အတွေးစကို ရခဲ့ပါတယ်။
ရွှေမြင်း အဆောက်အဦရဲ့ ရှေ့မှာ စက်ရုံကြိုပို့ကားတွေရှိတယ်။ ယာဉ်မောင်းတွေက ဗမာစကားကို ပြောကြသလို စက်ရုံလုပ်သားတွေကလည်း ဗမာစကားကို ပြောကြပါတယ်။
နေ့တနေ့တာကို ဘယ်အချိန်ကစပြီး ဘယ်အချိန်မှာ အဆုံးသတ်သလဲ ဆိုတာတောင် မသိတော့တဲ့ ဘဝများ။ ဟုတ်ပါတယ်။ တကယ်တော့ သာမန်လူတွေအဖို့တော့ မနက်မိုးလင်း ရောင်နီသန်းပြီး နေထွက်ချိန်ဟာ နေ့တနေ့တာရဲ့အစ ဖြစ်ပါတယ်။ နေဝင်ချိန်ဟာလည်း တရက်တာရဲ့ အဆုံးသတ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်တခုပါပဲ။
ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရဲ့ ဝန်နွိုင်အရပ်က မြန်မာရွှေ့ပြောင်းလုပ်သားတွေ အဖို့တော့ သာမန်လူတွေ မြင်တွေ့ရတဲ့ နေဝင်ချိန်၊ နေထွက်ချိန်ရဲ့ အရသာကိုတောင် ရရှိကြမှာမဟုတ်လို့ပါဘဲ။
မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ရွှေမြင်း အဆောက်အဦရှေ့က စက်ရုံကြိုပို့ကားတွေပေါ် ပြေးတက်သွားလိုက်ကြ၊ စက်ရုံကအပြန် အဲဒီ ကြိုပို့ကားတွေပေါ်က ပြန်ဆင်းလာလိုက်နဲ့ အလုပ်ရှုပ်နေကြပါတယ်။
ကားတွေရပ်ထားတဲ့နေရာက ကားဝင်း အသေးစားလေးလို့တောင် ပြောလို့ရပါတယ်။ အဲဒီကားဝင်းရဲ့ဘေးမှာ အိမ်သုံးပစ္စည်းတွေ၊ အရက်ဘီယာရောင်းတဲ့ ဆိုင်လေးနှစ်ဆိုင် ရှိပါတယ်။ ညပိုင်း အလုပ်တာဝန်ကျလို့ အပြီးမှာ လုပ်သားတချို့က အခန်းကို တန်းမပြန်ဘဲ အဲဒီဆိုင်တွေက ဘီယာဝယ်ပြီး မြုံ့နေကြတယ်။
ဘီယာကို အချိုရေသောက်သလို သောက်နေကြတယ်။ တညလုံး အိပ်ရေးပျက်ထားတဲ့ဒဏ်က ဘီယာနည်းနည်း သောက်ရင်တောင် များများမူးနိုင်လောက်ပါတယ်။ ဒါကြောင့်မို့ပဲနေမှာပါ။ သူတို့အားလုံးက ဘီယာကို ပိုက်တပ်ပြီး တဖြည်းဖြည်းပဲ စုပ်သောက်နေကြပါတယ်။ ဘီယာသောက်ချိန်က မနက် ၄ နာရီ။
အလုပ်သိမ်းချိန်က မနက် ၄ နာရီဆိုတော့ ဘီယာသောက်ချိန် အဲဒီအချိန်ကြီး ဖြစ်မှာပေါ့လို့ပဲ တွေးလိုက်ပါတယ်။ သူတို့နား မယောင်မလည်လေး ရပ်နေမိတော့ သူတို့ထဲက တယောက်က “ကိုကြီး လာလေ၊ ဘီယာသောက်ရအောင်” လို့ ခေါ်ပါတယ်။
မျက်နှာကတော့ တညလုံး တရေးမှ မအိပ်ထားတဲ့ ပုံစံတွေနဲ့ပါ။ ဒီလောက် အလုပ်တွေ ကြိုးစားရုန်းကန် လုပ်နေကြတာ အဆင်ပြေကြရဲ့လား ဆိုတာလည်း အတွေးရောက်ပြန်ပါတယ်။ စကားစပ်လို့ မေးမိတော့ ပွဲစားခတောင် မနည်းလုပ် ဆပ်နေကြရတဲ့အကြောင်း ကြားသိခဲ့ရပါတယ်။
စက်ရုံလုပ်သားတွေ ကြိုပို့ပေးတဲ့ ကားဝင်းအသေးစားလေးနံဘေးမှာ သူတို့တွေ ဘီယာထိုင်သောက်နေကြတဲ့ ရှေ့တည့်တည့်မှာတော့ ချောင်းရိုးလေးတခု ရှိပါတယ်။
ချောင်းရိုးတဖက်ကမ်းမှာတော့ ဈေးတခုရှိတယ်။ ဈေးကိုသွားလို့ရအောင် ယိုင်ယိုင်နဲ့နဲ့ အလူမီနီယံတံတားလေးတချောင်း ထိုးထားပါတယ်။ ချောင်းရိုးကို ကားတွေ ဖြတ်သန်းသွားလာလို့ရတဲ့ ခိုင်ခိုင်ခံ့ခံ့ ကွန်ကရစ်တံတားတွေလည်း ရှိပါတယ်။
ချောင်းရိုးတဖက်ကမ်းက လိုင်းခန်းတွေထဲ တောမောင်းဝင်တဲ့နေ့က ညပိုင်း အလုပ်ဆင်းတဲ့ သူတွေလည်း ပါသွားတယ်။ တချို့က အိပ်ငိုက်နေရင်းနဲ့ ပါသွားတာ။ လိုက်ခဲ့လို့ခေါ်တာ ထသွားလိုက်တာပဲ။
အချိန်အခါက ကျီးလန့်စာစားဘဝနဲ့ နေရတဲ့အချိန် ဖြစ်ပါတယ်။ ထိုင်းအစိုးရက လုပ်ပေးမယ့် ဘတ်ရိုက်ခြင်း အစီအစဉ်ကို ထိုင်စောင့်နေကြတဲ့သူတွေက အများကြီးပါပဲ။ သူတို့ကို ဘယ်အချိန် တောမောင်းဝင်ဖမ်းမလဲ ဆိုတာလဲ စိုးရိမ်နေကြရတဲ့အချိန် ဖြစ်ပါတယ်။
“အဆောင်ရှိလားဗျ။ အဆောင်ငှားမယ့်နေရာလေး သိရင် လမ်းညွှန်ပါလား” လို့ မေးတော့ တုံ့ပြန်သံက နိုးပါပဲ။
“ကျမကို ဒီရက်ထဲ အဆောင်ရှိလား မေးကြတာ အများကြီးပဲ။ အဆောင်တွေက ဒီနားမှာ မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ အခုက လူသစ်ဘတ်ရိုက်ဖို့ စောင့်နေကြတဲ့ သူတွေနဲ့ ပြည့်နေတာ။ ဘတ်ရိုက်တာ ပြီးသွားရင်တော့ အခန်းတွေက လွတ်ကြမှာ” လို့ ဝဝဖိုင့်ဖိုင့် အမျိုးသမီးက တုံ့ပြန်ပြောပြနေပါတယ်။
သူ့မျက်နှာမှာလည်း စိုးရိမ်ထိတ်လန့်နေတဲ့ ပုံမျိုးပါ။ လောလောလတ်လတ် အန္တရာယ်တခုခုနဲ့ ရင်ဆိုင်လာခဲ့ရတဲ့ ပုံမျိုးပါ။ သူကပဲ စကားဆက်ပါတယ်။
“ဟိုဘက်ကို မသွားနဲ့နော်။ တောမောင်းဝင်နေတယ်။ ကျမလည်း အခန်းဘက်ပြန်မလို့ ကားသုံးစီး ဝင်ချလာတာ။ တောမောင်းကားတွေမှန်း သိလိုက်တော့ ချက်ချင်းပဲ ဒီဘက်ထွက်လာတာ” လို့ သူ လတ်တလော ကြုံလိုက်ရတာကို ပြောပြပါတယ်။
ကျနော်တို့လည်း အဲဒီနေ့က အဆောင်ရှာတဲ့အလုပ်ကို ဆက်ပြီး မလုပ်တော့ပါဘူး။ ချက်ချင်းဆိုသလိုပဲ ဆုံးဖြတ်ချတခုကို ချလိုက်တယ်။ ဒီနေရာကနေ မြန်မြန်ထွက်သွားဖို့ပါပဲ။
ချောင်းရိုးလေးရဲ့ တဖက်ကမ်းကို ခနော်ခနဲ့ အလူမီနီယံတံတားလေးပေါ်ကနေ ဖြတ်လျှောက်လာခဲ့လိုက်တယ်။ ချောင်းရိုးလေးက ရေအလျင်စီးနေတဲ့ချောင်းတော့ မဟုတ်ပါဘူး။ ရေစီးတန့်နေတာ။ ရေတွေက တနေရာကနေ တနေရာကို ဆက်ပြီး စီးဆင်းသွားတာ မရှိဘူး ဆိုတာကို သတိထားမိလိုက်ပါတယ်။
ရေစီးတန့်နေတဲ့ ချောင်းရိုးဆိုတော့ ရေသေချောင်းပဲ ဖြစ်မှာပါ။ ရေသေချောင်းလေးနံဘေးက ဘဝတွေလည်း တနေရာရာမှာ ရပ်တန့်နေကြတာဆိုလည်း မမှားပါဘူး။ သူတို့တွေရဲ့ဘဝက ရှေ့အနာဂတ် ဘာဖြစ်မလဲ ဆိုတာထက် တရက်တာ ရှင်သန်ရေးကိုပဲ ဦးစားပေးနေရချိန်လည်း ဖြစ်ပါတယ်။
ဘယ်အချိန် တောမောင်းတွေဝင်လာပြီး အဖမ်းအဆီးလုပ်လေမလဲ ဆိုတဲ့ ကျီးလန့်စာစား ဘဝတွေပဲ ဖြစ်ပါတယ်။ ရေသေချောင်းဘေးက ခြေရာတွေ ရှိပါတယ်။ ရေသေချောင်းပေါ်ဖြတ်ပြီး တည်ဆောက်ထားတဲ့ တံတားလေးပေါ်မှာလည်း ခြေရာတွေက ထပ်လို့နေပါပြီ။ အဲဒီခြေရာတွေက ရေသေချောင်းထဲက ရေစီးတန့်နေတဲ့ ရေတွေလို တနေရာတည်းမှာ ရပ်တန့်နေကြလေရော့သလားလို့ပဲ တွေးမိပါတယ်။
တာပလု




