
မိုးရွာသွန်းမှုကြောင့် တောင်ကျရေကြီးပြီး ဘောတွင်းချောင်းရေလျှံကာ နမ္မတူ-ဘော်တွင်း သတ္တုတွင်း နယ်မြေအတွင်းက သမိုင်းဝင် ရထားလမ်းပိုင်းရဲ့ နေရာတချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူ-ဘော်တွင်း သတ္တုတူဖော်ရေးနယ်မြေမှာ ဒီရက်ပိုင်းအတွင်း မိုးသည်းထန် ရွာသွားခဲ့တာပါ။
ဒါ့ကြောင့် တောင်ကျရေကြီးလာပြီး ဘောတွင်းချောင်းရေလျှံလာလို့ ဘော်တွင်း-ကျားစခန်းသွားတဲ့ လမ်းနဲ့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီး နယ်မြေခံတွေက သမိုင်းအမွေအနှစ်အဖြစ် တန်ဖိုးသတ်မှတ်ထားတဲ့ နမ္မတူ-ဘော်တွင်း ရထားလမ်းပိုင်းက နေရာတချို့လည်း ရေတိုက်စားပြီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
နမ္မတူ-ဘော်တွင်း သတ္တုတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွေကို ကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားတာပါ။ အဲဒီကုမ္ပဏီဟာ တခြားကုမ္ပဏီတခုကို ရှယ်ယာထပ်ခေါ်ပြီး အကြီးစား သတ္တုထုတ်လုပ်ရေးတွေ လုပ်ခဲ့ရင်း စွန့်ပစ်မြေစာတွေကို စနစ်တကျ မစွန့်ပစ်တာကြောင့် ကျားစခန်းကျေးရွာက ပြည်သူတွေ အသုံးပြုနေတဲ့ သဘာဝရေအရင်းအမြစ်တွေနဲ့ လမ်းတွေ ပျက်စီးခဲ့ပါတယ်။
နမ္မတူမြို့နဲ့ ဘော်တွင်း သတ္တုတူးဖော်ရေးနယ်မြေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့က သိမ်းပိုက်လိုက်တဲ့ ၂၀၂၃ ခုနှစ်ကုန်မှာတော့ ထုတ်လုပ်မှုတွေ ရပ်နားထားခဲ့တာပါ။
လက်ရှိ ပျက်စီးမှုတွေကို သက်ဆိုင်ရာတွေက ပြန်လည်ပြုပြင်ထိန်းသိမ်းပေးစေချင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိ နမ္မတူမြို့နဲ့ ဘော်တွင်းသတ္တုတွင်းနယ်မြေကို KIA နဲ့ TNLA တပ်တို့က ထိန်းချုပ်ထားပါတယ်။
ဘော်တွင်းနဲ့ ကျားစခန်း လမ်းပျက်စီးမှုကို ဒေသခံပြည်သူလူထုတွေက ကိုယ်ထူကိုယ်ထ ပြုပြင်နေရပါတယ်။




