
နည်းပြအာတေတာ လက်ထက်မှာ အာဆင်နယ်အသင်းရဲ့ ခြေစွမ်းတိုးတက်လာပုံကို ပြိုင်ဘက် နည်းပြ ဒီယေဂိုးဆီမြွန်နီက ချီးကျူးသွားပါတယ်။
အာဆင်နယ်အိမ်ကွင်းမှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ် အကြို သတင်းစာရှင်းလင်းပွဲမှာ အာဆင်နယ်အသင်းရဲ့ တိုးတက်လာတဲ့ ခြေစွမ်းနဲ့ နည်းပြအာတေတာရဲ့ ဦးဆောင်မှုအပေါ် ဆီမြွန်နီက ချီးကျူးခဲ့တာပါ။
အာဆင်နယ်ဟာ ထူးချွန်တဲ့ စရိုက်လက္ခဏာကောင်းတွေနဲ့အတူ အလွန် ကောင်းမွန်တဲ့အသင်းဖြစ်ပြီး ပွဲစဉ်တိုင်းမှာ သူတို့အသင်းရဲ့ စီမံပုံတွေက ချီးကျူးစရာကောင်းကြောင်း ဆီမြွန်နီက ပြောပါတယ်။
နည်းပြအာတေတာ စတင်တာဝန်ယူချိန်ကနေ လက်ရှိအချိန်အထိ ရှင်းလင်းတဲ့ ကစားပုံတခုကို ပြသနိုင်ခဲ့ပြီး အမှတ်ပေးလိဂ်ချန်ပီယံဆုဖလားကိုလည်း အဆုံးထိ စိန်ခေါ်နိုင်ခဲ့တဲ့ အသင်းဖြစ်ကြောင်း နည်းပြဆီမြွန်နီက ချီးကျူးပါတယ်။
မိမိတို့အသင်းမှာလည်း ရှင်းလင်းတဲ့ အမှတ်အသား လက္ခဏာရှိပြီး မိမိတို့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အရ ပြိုင်ဘက်ကို ဘယ်လိုရင်ဆိုင်သွားရမလဲဆိုတာ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ဆီမြွန်နီက ပြောပါတယ်။
Photo: Reuters




