
ရန်ကုန်-ဒလ တံတားကြီး ပြီးစီးသွားပါက ဒလကို မီနီဘတ်စ်ယာဉ်နဲ့သာ ပြေးဆွဲပေးသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ YRTC ကနေ သိရပါတယ်။
အဆိုပါတံတားကြီး ပြီးစီးသွားပါက YBS ယာဉ်တွေ ပြေးဆွဲမှာမဟုတ်ဘဲ မီနီဘတ်စ်ယာဉ်နဲ့သာ ပြေးဆွဲဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
တံတားပုံစံမှာ မတ်စောက်လွန်းတာကြောင့် YBS ယာဉ်တွေ ပြေးဆွဲပါက တစုံတခုဖြစ်မှာ စိုးတဲ့အတွက် YBS ယာဉ်ကြီးအစား မီနီဘတ်စ်ယာဉ်နဲ့သာ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
YRTC တာဝန်ရှိသူတယောက်က “YBS ယာဉ်ကတော့ မပြေးဘူး။ ဘာလို့ဆို တံတားအရမ်းမြင့်လွန်းတယ်။ ကားကြီးတွေအတွက်က အဆင်မပြေဘူး။ တခုခုဖြစ်မှာစိုးလို့။ အဲဒါကြောင့် ကားသေးလေးဖြစ်တဲ့ မီနီဘတ်စ်ယာဉ်နဲ့ပဲ ပြေးဆွဲပေးဖို့ လုပ်ထားတယ်” လို့ ပြောပါတယ်။
ရန်ကုန်-ဒလ တံတားမှာ သံမဏိကြိုးဆိုင်း လေးလမ်းသွား တံတားကြီးဖြစ်ပြီး ပင်မတံတားအရှည် ၁,၉၃၆ ပေနဲ့ တံတားအရှည် စုစုပေါင်း ၆,၁၄၃ ပေ၊ တန်ချိန် ၁၅,၀၀၀ ခန့်ရှိ သင်္ဘောကြီးတွေ ရေလမ်းကင်းလွတ်စွာ သွားလာနိုင်ဖို့ အမြင့်ပေ ၁၆၀ ခန့်နဲ့ ရေလမ်းကင်းလွတ် အကျယ် ၅၂၅ ပေ ထားရှိ ဆောက်လုပ်ထားပြီး ယာဉ်တစင်းချင်း ခံနိုင်ဝန်အားမှာ ၇၅ တန် ဖြစ်ပါတယ်။
ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တံတားကို ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေ (EDCFI Loan) ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ ပြည်တွင်းရန်ပုံငွေ ၃၀ ဒသမ ၃၄၁ သန်း၊ စုစုပေါင်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း ကုန်ကျခံ တည်ဆောက်နေတာ ဖြစ်ပြီး အခုနှစ်ကုန်ပိုင်းမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။


