မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံကို ‘ခွေးတွေ ခေါ်လာလို့ရတယ်’ ဆိုတဲ့ ဆေးရုံရဲ့ ထုတ်ပြန်ချက်အပေါ် မြို့ခံတွေက ဝေဖန်နေကြပါတယ်။
ဆေးရုံဝင်းထဲမှာ ခွေးလေခွေးလွင့်တွေ များနေတာကြောင့် အန္တရာယ်ရှိလာနိုင်တယ်လို့ အရေးကြီး ပန်ကြားချက်ခေါင်းစဉ်နဲ့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ကို ဆေးရုံရဲ့ လူမှုကွန်ရက်ကနေ အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားတာပါ။
ခွေးတွေကို စားကြွင်းစားကျန်တွေ ကျွေးတာ လုံးဝရှောင်ကြဉ်ဖို့၊ သုံးပြီးသားအမှိုက်တွေ အထူးသဖြင့် စားကြွင်းစားကျန်တွေပါတဲ့အမှိုက်တွေကို အဖုံးပါတဲ့အမှိုက်ပုံးထဲကို သေသေချာချာ ထုပ်ပိုးထည့်ပေးဖို့၊ ကိုယ့်ရဲ့ခွေးကို ဆေးရုံကိုခေါ်လာရင် ကြိုးတပ်ပြီး ဒါမှမဟုတ် လှောင်အိမ်နဲ့ စနစ်တကျ ထိန်းသိမ်းပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
မြို့ခံတယောက်က “ဒါက ဆေးရုံမှာ စာလေးကပ်ပြီး အသိပေးလို့ရတဲ့ဟာကို အခုလို လူမှုကွန်ရက်မှာ တင်လိုက်တာက ပိုပြီးလူပြောများလာတာပေါ့။ အစကတည်းက စည်းစနစ်ကျ အမှိုက်ပုံးတွေ ဆောင်ထားခဲ့ရင် အခုလိုဖြစ်လာမှာမဟုတ်ဘူးလေ။ ပြောရရင် ဆေးရုံက ခွေးထိန်းသိမ်းရေးဂေဟာနဲ့ တူနေပြီ။ ဒါတောင် ကြေညာချက် နံပါတ် ၃ မှာရေးထားတာက မြို့ကလူတွေ ဘယ်လိုမှလက်ခံပေးလို့မရတဲ့ ပန်ကြားချက်ပါ” လို့ ပြောပါတယ်။
အရေးကြီးပန်ကြားချက် ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်လို့ ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနရုံးကို DVB က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုမှု တစုံတရာမရှိခဲ့ပါဘူး။
ကျိုက်ထိုမြို့ခံ CDM ကျန်းမာရေးဝန်ထမ်းတယောက်က “ဒါက အရေးကြီးထုတ်ပြန်ဖို့ ခေါင်းစဉ်တပ်စရာ မလိုပါဘူး။ ခွေးလေခွေးလွင့်ဆိုတာက အရင်ကဆို မြို့နယ်ကျန်းမာရေးဦးစီးဌာနနဲ့ စည်ပင်ဌာနပေါင်းပြီး တနှစ် တခါ ရှင်းလင်းနေကျပါ။ အခု စစ်အစိုးရလက်ထက်တော့ ဒါတွေ မလုပ်ဆောင်တော့တဲ့အပြင် အိမ်မွေးတိရစ္ဆာန်တွေကိုပါ လှောင်အိမ်နဲ့ ထိန်းသိမ်းခေါ်ဆောင်လာဖို့ ထုတ်ပြန်တာဆိုတော့ Non CDM တွေမှာလည်း ဖိအားတော့ရှိမယ် ထင်တယ်။ ခွေးရူးပြန်ကာကွယ်ဆေး ဆိုတာလည်း အခြေခံလူတန်းစားတွေအဖို့ လက်ရှိကာလမှာ အိပ်မက်တောင် မမက်ရဲတဲ့အခြေအနေပါ” လို့ DVB ကို ပြောပါတယ်။
ဒါ့အပြင် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံအနေနဲ့ ပြည်သူတွေ အန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးကို ရှေးရှုပြီး ပိုင်ရှင်မဲ့ခွေးတွေကို သက်ဆိုင်ရာ စည်းကမ်းနဲ့အညီ ထိန်းသိမ်းမှုတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးနှိုးဆော်ထားပါတယ်။
ဆေးရုံရဲ့ထုတ်ပြန်ချက်မှာ ဆေးရုံဝင်းထဲ ခွေးအများအပြားကိုတွေ့ရပြီး လူအများရဲ့ အန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးကို ရှေးရှုလို့ ပိုင်ရှင်မဲ့ခွေးတွေကို သက်ဆိုင်ရာ စည်းကမ်းနဲ့အညီ ထိန်းသိမ်းသွားမယ်လို့လည်း ဖော်ပြထားပါတယ်။