Home
မြန်မာသတင်း
ပန်ဆိုင်းဒေသထွက် မက္ကဒေးမီးယားသီးများ ဈေးနှုန်းကျဆင်း
DVB
·
October 11, 2025
Photo: ဒေသခံတောင်သူ

ရှမ်းမြောက်ပိုင်း၊ ကြူကုတ်(ပန်ဆိုင်း)မြို့နယ်က ဒေသထွက် မက္ကဒေးမီးယားသီး ဈေးနှုန်းတွေ ပြီးခဲ့တဲ့နှစ်တွေနဲ့စာရင် ဈေးပိုကျဆင်းလာနေတယ်လို့ ဒေသခံ တောင်သူတွေကဆီက သိရပါတယ်။

လက်ရှိမှာ မက္ကဒေးမီးယား ၁ ကီလိုဂရမ်ကို တရုတ်ငွေ ၃ ယွမ်ပဲရပြီး မနှစ် ၂၀၂၄ ခုနှစ်တုန်းကတော့ ၁ ကီလိုဂရမ်ကို တရုတ်ငွေ ၄ ယွမ်ရကာ တိုက်ပွဲမဖြစ်ပွားခင်က ၁ ကီလိုဂရမ်ကို တရုတ်ငွေ ၆ ယွမ်ကနေ ၇ ယွမ်အထိ ရတာဖြစ်ပြီး ဒီနှစ်ကတော့ ဈေးအလျော့ဆုံး ဖြစ်ပါတယ်။

တရုတ်ဘက်ခြမ်းမှာတော့ လက်ရှိ ၁ ကီလိုဂရမ်ကို တရုတ်ငွေ ၉ ယွမ်ခန့် ဈေးပေါက်နေပေမဲ့ မြန်မာနယ်စပ်ဘက်မှာတော့ ၃ ယွမ်ပဲ ရတယ်လို့ သိရပါတယ်။

ဒေသခံ မက္ကဒေးမီးယားစိုက် တောင်သူတယောက်က “နိုင်ငံရေးမကောင်းတော့ စီးပွားရေးလည်း မကောင်းနိုင်ဘူး။ ဒေသထွက် မက္ကဒေးမီးယားသီး အရင်ကနဲ့စာရင် တဝက်ဈေးလောက်တောင် သိပ်မရချင်ဘူး။ တခြားရွေးစရာလမ်းလည်း မရှိဘူးလေ” လို့  ပြောပါတယ်။

ကြူကုတ်(ပန်ဆိုင်း)မြို့နယ် အပါအဝင် နယ်စပ်တလျှောက်က မက္ကဒေးမီးယားသီးတွေက တရုတ်ဈေးကွက်ကိုပဲ မှီခိုရကာ တရုတ်ဘက်ပဲ အဓိကတင်ပို့တာဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ရ ခက်ခဲသွားတာကြောင့် တင်ပို့မရ ဖြစ်သွားတာလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “ခါတိုင်းက မက္ကဒေးမီးယား အစေ့ပဲ မဟုတ်ဘူး၊ အခွံပါ ရောင်းလို့ရတယ်။ ဒီနှစ်က ဈေးမရဘူး။ ဈေးအရမ်းနည်းတယ်။ မက္ကဒေးမီးယားသီးတွေကို ဒေသခံတွေက တရုတ်ဈေးကွက်ကိုပဲ ပိုမိုအခြေပြုပြီး ရောင်းချလာကြတာ ဖြစ်ပေမဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက် နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကနေ တရားဝင်တင်ပို့ဖို့ အဆင်မပြေတော့တာကြောင့် ဈေးကွက်အခက်အခဲတွေ ရှိလာကာ ဈေးနှုန်းတွေ ကျဆင်းနေတယ်” လို့  ပြောပါတယ်။

ဒေသခံ လူငယ်တယောက်ကတော့ ခြံထွက် မက္ကဒေးမီးယားသီးတွေကို အိမ်မှာလှော်ပြီး မူဆယ်မှာ တပိဿာ ကျပ် ၁၀,၀၀၀ နှုန်းနဲ့ ရောင်းနေပေမဲ့ ဝယ်လိုအား သိပ်မများဘူးလို့ ပြောပါတယ်။

မက္ကဒေးမီးယားကို နမ့်ဖတ်ကာရွာကနေ အထက်ပိုင်း တီးမ၊ နမ့်အွမ်၊ နမ့်တောင်း၊ ဖိုင်ကောင်း၊ မုံးကိုးအထိ နယ်စပ်တလျှောက် တော်တော်များများ တနိုင်တပိုင် စိုက်ပျိုးကြပြီး မူဆယ်ခရိုင် အားလုံးပေါင်းလိုက်ရင် ဧက ၅၀၀ အောက်ရှိနိုင်ကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၅ ရက်မှာ မြောက်ပိုင်း မဟာမိတ်ညီနောင်အဖွဲ့က သိမ်းပိုက်ထိန်းချုပ်လိုက်တာဖြစ်ပြီး အဲဒီနောက် တရားဝင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုတွေကြောင့် မက္ကဒေးမီးယားသီး အပါအဝင် နယ်စပ်ဒေသထွက် စိုက်ပျိုးရေးထွက်ကုန် အမျိုးအစား အများအပြား ဈေးကျနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013