
မြန်မာပြည်တွင်းမှာ အထည်ချုပ်စက်ရုံတချို့ အော်ဒါရရှိမှု နည်းလာတာကြောင့် အလုပ်သမားတွေကို အချိန်ပိုအလုပ် မပေးနိုင်ဘဲ တချို့ စက်ရုံတွေက အပြီးပိတ်သိမ်းတာ၊ အလုပ် ရပ်ဆိုင်းတာတွေ ရှိနေပါတယ်။
ပြည်တွင်းက အထည်စက်ရုံတချို့ဟာ အော်ဒါရရှိမှု နည်းတာကြောင့် အလုပ်သမားတွေကို အချိန်ပိုအလုပ် ခေါ်ယူတာ မရှိသလောက် နည်းပါးပြီး၊ တချို့ စက်ရုံတွေဆိုရင် အလုပ်သမားတွေကို ကြိုတင် အကြောင်းမကြားဘဲ ရုတ်တရက် ပိတ်သိမ်းတာ၊ အလုပ်ရပ်နားတာတွေ ကြုံနေရတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က CMP တဆင့်ခံ အထည်ချုပ်စက်ရုံ တချို့ အော်ဒါမရှိတာကြောင့် ပိတ်သိမ်းခဲ့ရပြီး၊ အလုပ်သမားတွေကို ကြိုအကြောင်းမကြားဘဲ အလုပ်ရပ်ဆိုင်းတာတွေ ရှိခဲ့ပါတယ်။ တချို့ စက်ရုံတွေဆိုရင် နေ့စားအလုပ်သမားတွေကို အကြောင်းပြချက်မရှိ အလုပ်ထုတ်လိုက်တာလည်း ရှိနေပါတယ်။
အထည်ချုပ်စက်ရုံ အလုပ်သမားကိုငယ်က “ကျနော်တို့တွေလည်း ပွင့်ပွင့်လင်းလင်း သိရတဲ့ အနေအထားမှာ ရှိတယ်။ အထည်အလိတ်တွေ ပိတ်လိတ်တွေဆိုရင်လည်း လမ်းမှာ အစစ်အဆေးတွေနဲ့ မြန်မာနိုင်ငံထဲဝင်ဖို့ တော်တော် ခက်တယ်ဗျ။ နိုင်ငံခြားကလာတဲ့ ရင်းနှီးမြှုပ်နှံသူတွေဆိုရင်လည်း မမြှုပ်နှံဘဲ ပြန်ထွက်သွားတာတွေ၊ ပြီးရင် ရန်ကုန်မှာ အထည်လိတ်တွေ၊ ပိတ်လိတ်တွေ မရလို့ ပိတ်လိုက်တဲ့ စက်ရုံတွေ ၂ ရုံလောက် ရှိတယ်။ အဲ့လိုတွေ ရှိတယ်ဗျာ။ အခုခေတ်ကာလ အနေအထားအရဆိုရင် သယ်ယူပို့ဆောင်ရေးမှာလည်း ခက်ခဲတယ်။ ကုန်ဈေးနှုန်းကျတာတို့၊ လမ်းပန်းဆက်သွယ်ရေး ကောင်းတာတို့ဆိုရင် ကုန်ဈေးနှုန်းက ထက်ဝက်လောက် ကျမှာပေါ့။ အလုပ်သမားတွေဆိုရင်လည်း လုပ်အား ညှစ်ထုတ်တာတို့၊ အဓမ္မ ခိုင်းစေတာတို့ မရှိဘဲ မျှမျှတတလေး အထည်ကြေးတွေ တိုးတာတို့၊ လစာတိုးတာတို့ဆို ပိုအဆင်ပြေတာပေါ့”လို့ ပြောပါတယ်။
ပြည်တွင်းက အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ အနိမ့်ဆုံး လုပ်အားခ တရက်ကို ငွေကျပ် ၆၈၀၀ ကနေ ၁၂၀၀၀ ကျော်အထိသာ ရကြပြီး စက်ရုံတရုံမှာ အမြင့်ဆုံး ကျွမ်းကျင် အော်ပရေတာ အနေနဲ့ တလကို ကျပ် ၆ သိန်းဝန်းကျင်၊ အနိမ့်ဆုံး အောက်ခြေအလုပ်သမားက ကျပ် ၂ သိန်း ၈ သောင်းကနေ ၃ သိန်း ဝန်းကျင်သာ ရကြပါတယ်။
ဒီကာလမှာ အလုပ်သမားတွေရတဲ့ လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းက မလောက်ငပေမဲ့ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတာကြောင့် အလုပ်သမားတွေဟာ ရှိတဲ့ အလုပ်ကို သည်းခံ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အလုပ်သမားအရေး လှုပ်ရှားသူ ကိုစိုင်းယုမောင်က “ခေတ်ကာလနဲ့ မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်းအရ ဆိုရင်တော့ တကယ်တမ်းဆိုရင်တော့ တသောင်းခွဲ၊ နှစ်သောင်းလောက် ဒီကြားထဲမှာပဲ အနည်းဆုံး ရှိနေသင့်တယ်။ ဘာလို့လဲဆိုတော့ ကုန်ဈေးနှုန်းကို ပြန်ကြည့်မယ်ဆိုရင် အကုန်လုံးမှာ ကြက်ဥ တလုံးတောင် ကျပ် ၁,၀၀၀ ဖြစ်လာတဲ့အချိန် ဒီအခြေအနေမျိုးက ဘယ်လိုမှ လုံလောက်မှု မရှိဘူး။ ဆန်ဈေးကြီးတာ၊ ဆီ ဈေးကြီးတာ အကုန်လုံးပေါ့။ စားသောက်ကုန်တွေကအစ ဈေးမြင့်လာတဲ့ အခြေအနေမျိုး၊ ငွေကြေး ဖောင်းပွလာတဲ့ အခြေအနေမှာ ရတဲ့ ပိုက်ဆံက ဘယ်လိုမှ လောက်ငမှု မရှိဘူး။ အဲဒါကို ထက်ပြီးတော့ တာဝန်ရှိတဲ့သူတွေက ဒီအပေါ်မှာ လုပ်ခလစာကို ပိုပြီးတော့ အလုပ်သမားတွေကို ကြည့်တဲ့အနေနဲ့ သူတို့ လုပ်အားခတွေကို ပြင်ဆင်ပေးသင့်ပါတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်း ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ထဲက အထည်ချုပ် စက်ရုံ ၂ ရုံဟာ အထည်အော်ဒါ ရရှိမှု နည်းပါးတာကြောင့် ရုတ်တရက် ပိတ်သိမ်းခဲ့ရ ပါတယ်။
နိုင်ငံတွင်း လုပ်ငန်းလည်ပတ်နေတဲ့ MGMA အဖွဲ့ဝင် အထည်ချုပ်စက်ရုံ ၅၈၉ ရုံ ရှိပြီး၊ အဲဒီထဲက ၅၆ ရုံ ယာယီပိတ်သိမ်းထားရတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ရဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ အသိရပါတယ်။
ဇွဲသစ်